Wednesday, June 29, 2011

ထိုင်း-မြန်မာ နယ်စပ် ပဋိပက္ခ (၂၀၀၃) အပိုင်း-၂

အဲဒီ့ အချိန်မှာ တိုက်ပွဲ နယ်မြေတွေနဲ့ ဆက်စပ်နေတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်၊ ချင်းရိုင်ခရိုင်တွေမှာ ထိုင်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့ တွေက မူးယစ်ဆေးဝါးနဲ့ ပက်သက်ပြီး စစ်ဆင်ရေး လုပ်နေတဲ့ အချိန်ဖြစ်တယ်။ ထိုင်းနိုင်ငံကပြောဆို လာတာက UWSA ဝ တပ်ဖွဲ့တွေဟာ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်နေတယ်၊ ထိုင်းနိုင်ငံထဲကို ဖြန်းဖြူးနေတယ်လို့ စွပ်စွဲလာတယ်။ အဲဒိ့ အပြင် ထိုင်းဝန်ကြီးချုပ် သက်ဆင် ကိုယ်တိုင်က မြန်မာအနေနဲ့ UWSA ကို အရေးမယူရင် ထိုင်းတပ်က မြန်မာပြည်ထဲထိဝင်ပြီး UWSAရဲ့ ဘိန်းချက်စခန်းတွေကို ဖျက်ဆီးပစ်မယ်လို့ ပြောဆိုကြောင်း ထိုင်းမီဒီယာတွေကနေ ဖေါ်ပြခဲ့ကြတယ်။ မြန်မာနိုင်ငံကလည်း မြန်မာ့မြေပေါ်ကို ဘယ်နိုင်ငံခြားတပ်ဖွဲ့မှာ အဝင်ခံမှာ မဟုတ်ဘူးလို့ဆိုပြီး၊ ထိုင်းနိုင်ငံဟာ SSA တပ်ဖွဲ့တွေကို နောက်ကွယ်ကနေ ထောက်ပံ့နေပြီး ဒီအဖွဲ့တွေဟာ ဘိန်းမှောင်ခို လက်နက်ကိုင်တွေ၊ ဘိန်းဓါးပြ တွေသာဖြစ်တယ်လို့ တုန့်ပြန်ခဲ့တယ်။ သံအမတ်ကြီးတွေကို နိုင်ငံခြားရေးဝန်ကြီး ဌာနကို ခေါ်ယူပြီး ပြင်းပြင်းထန်ထန် သတိပေးတာတွေ နှစ်နိုင်ငံလုံး အပြန်အလှန်ပြုလုပ်ခဲ့ကြတယ်။ ထိုင်းတပ်တွေဟာ နယ်စပ်မြို့တွေ၊ နယ်စပ်မျဉ်းအနီးက လမ်းတွေ၊ ရှေ့တန်းစခန်းတွေမှာ သံချပ်ကာ ကားတွေနဲ့ ကင်းလှည့်တာတွေ လုပ်ခဲ့ကြတယ်။ ၂၀၀၁ တုန်းကလို တာချီလိတ်မြို့ထဲနဲ့ မယ်ဆိုင်မြို့ထဲကို လက်နက်ကြီးတွေအပြန်အလှန် ပစ်ခတ်တာမျိုး မရှိခဲ့ပေမယ့် တာချီလိတ်မြို့ထဲမှာ ဗုံးတွေ ကွဲခဲ့တယ်။

မြန်မာ့ တပ်မတော်က မုံးထော်-မုံးထ ဒေသတစ်ခုလုံးနဲ့ ဆုံးရှုံးသွားတဲ့ စစ်စခန်းတွေ အားလုံး ပြန်လည်သိမ်းပိုက်နိုင်ပြီးတဲ့ အချိန်မှာ SSA တပ်တွေ ဆုတ်ခွာသွားတဲ့ လွယ်တိုင်းလျှံဘက်ကို ဆက်လက် ထိုးစစ်ဆင်ကြတယ်။ ဒီအချိန်မှာ ထိုင်းဝန်ကြီးချုပ်ဟာ ထိုင်းစစ်သေနာပတိချုပ်ရာထူးကို အပြောင်းအလဲ ပြုလုပ်ခဲ့တယ်။ မြန်မာပြည်ကို လိုအပ်ရင် အင်အားသုံးမယ်လို့ ပြင်းပြင်းထန်ထန် ပြောဆိုခဲ့ဖူးတဲ့ ဗိုလ်ချုပ်ကြီး ဆူရာယုဒ် ချူလာနော့ ရာထူးက အနားယူရပြီး စစ်သေနာပတိချုပ် အသစ်က SSA ကို ထောက်ပံ့ကူညီနေတာတွေ ရပ်ဆိုင်းလိုက်တယ်။ SSA လည်းလွယ်တိုင်းလျှံဘက်ကို အားလုံး ဆုတ်ခွာသွားရတယ်။ မြန်မာ့တပ်မတော်နဲ့ UWSA တပ်ဖွဲ့တွေလည်း လွယ်တိုင်းလျှံ ဒေသနဲ့ မျက်နှာချင်းဆိုင် တောင်ကြောတွေပေါ်မှာ ကာကင်းစခန်းတွေ တည်ဆောက်ပြီး ရင်ဆိုင်ထိန်းချုပ်ထားခဲ့ကြပြီး တိုက်ပွဲတွေ အခိုက်အတန့် ပြီးဆုံးခဲ့ပါတယ်။

တိုက်ပွဲတွင်းမှာ တပ်မတော်ဟာ ဆုံးရှုံးသွားတဲ့ နယ်မြေတွေ အားလုံး ပြန်ရအောင် တိုက်ယူနိုင်ခဲ့ပေမယ့် အကျအဆုံးများခဲ့ပါတယ်။ တိုက်ပွဲတွေ အတွင်း ကျဆုံးခဲ့သူတွေ ရှိသလို တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံ မြို့တွေနဲ့ ဆက်သွယ်ထားတဲ့ ထောက်ပံ့ရေး လမ်းကြောင်းတွေမှာ မကြာခဏ ခြုံခို တိုက်ခိုက်ခံရတဲ့ အတွက် ကျဆုံးရတာတွေလည်း ရှိခဲ့တယ်။ UWSA တပ်ဖွဲ့ကလည်း ကျဆုံးမှုများခဲ့ပြီး ဒဏ်ရာရသူနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း ဆုံးရှုံးသူတွေလည်း အတော်များများ ရှိခဲ့တယ်။ ၁၂၀ မမ စိန်ပြောင်းကြီးတွေဟာ တိုက်ပွဲကို အဆုံးအဖြတ် ပေးနိုင်တဲ့ နည်းဗျူဟာ လက်နက်ကြီးတွေ အဖြစ်မြင်တွေ့ခဲ့ရ ပေမယ့် တချို့တိုက်ပွဲတွေမှာ ပစ်မှတ်ကို အတော် ဝေးဝေး လွဲချော်တာတွေ အားနည်းချက်အဖြစ် တွေ့ခဲ့ရတယ်။ တိုက်ပွဲအတွင်းပျက်ဆီးသွားခဲ့တဲ
့ ရွာတွေကို ပြန်တည်ပေးခဲ့ပေမယ့် တိုက်ပွဲမတိုင်ခင် က နေထိုင်လာတဲ့ လူအားလုံး ပြန်လာမနေနိုင်ကြတော့သလို အရင်လိုလည်း စည်ကားခြင်း မရှိတော့ပါ။ တိုက်ပွဲစဉ် တစ်ခုလုံးမှာ ဝမ်းနည်းဖို့ အကောင်းဆုံးကတော့ အရပ်ဘက် ဝန်ထမ်းတွေ အသက်ဆုံးရှုံးခဲ့ရတာပါ။

အခုတော့ အရင်က စည်ကားတဲ့ ရွာကြီးဖြစ်ခဲ့ပြီး ၂၀၀၃ တိုက်ပွဲတွေ အတွင်းမှာ ရွာပျက်ကြီး ဖြစ်သွားတဲ့ မုံးထရွာနေရာမှာ ၂၀၁၁ ခုနှစ် နှစ်ဦးပိုင်းက စပြီး မုံးထမြို့ အဖြစ် မြို့အသစ် တည်ဆောက်နေပါပြီ။ ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နဲ့လည်း ကားလည်း ဖေါက်လျက်ရှိပြီး မိုင်းပန်-မုံးထ လမ်းမှာ သံလွင်မြစ်ကို ဖြတ်ပြီး သံလွင်မြစ်ကူးတံတားသစ်ကြီးလည်း တည်ဆောက်ဖို့ စီစဉ်နေပါပြီ၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာတာနဲ့ အမျှ ဒေသရဲ့ လုံခြုံရေး အခြေအနေ ကောင်းမွန်လာပြီး ဖွံ့ဖြိုးတိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ၂၀၀၃ တိုက်ပွဲတွေရဲ့ စစ်ဘေးဒဏ်အဖြစ် ရွာပျက်တွေရဲ့ အစိတ်အပိုင်း အကြွင်းအကျန်တွေကို ယနေ့တိုင် တွေ့မြင်နိုင်ပါသေးတယ်။ အခုပြန်တည်ထားတဲ့ ရွာတွေရဲ့ မနီးမဝေးမှာ ချုံတောတွေ ဖုံးလွှမ်းနေပြီ ဖြစ်တဲ့ ရွာပျက်တွေ ရှိပါတယ်။

အဲဒီ့တုန်းက ခက်ခက်ခဲခဲ ပြန်တိုက်ယူခဲ့ရတဲ့ ပန်မိုင်ဆွန်၊ ပန်ကန့်ကော်၊ ကျူဆန်ကပ်၊ မုံးထော်၊ မုံးထ၊ ညောင်ပင်ကုန်း၊ ၄၀၀၈၈၇ စတဲ့ စခန်းတွေ အားလုံးဟာ ယခုအခါ မဆုတ်တန်းခံစစ် စခန်းတွေ အဖြစ် သတ်မှတ်ထားပါတယ်။ မည်သည့် အခြေအနေနဲ့ ကြုံရသည်ဖြစ်စေ စခန်းကို စွန့်ခွာ ထွက်ပြေးခွင့် မရှိပါဘူး။ ဒီစခန်းတွေကနေ ဆုတ်ခွာခွင့်ကို အမိန့်ပေးနိုင်သူဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တစ်ဦးပဲ ရှိပါတယ်။

အခုတင်ပြခဲ့တာတွေကတော့ ကျွန်တော် သိမှီသလောက် ၂၀၀၃ ခုနှစ် ထိုင်း-မြန်မာ နယ်စပ် တိုက်ပွဲများ အကြောင်းပဲ ဖြစ်ပါတယ်။ လွဲမှားနေတာ၊ မပြည့်စုံတာတွေရှိရင် သိတဲ့သူတွေက ထောက်ပြ ပြုပြင် ပေးကြပါ။

အားလုံးကို လေးစားလျက်
Comrade

3 comments:

  1. တိုင်းရင်းသား တစ်ချို့ က အိမ်နီးချင်းနိုင်ငံတွေကိုအထင်ကြီးနေကြတယ်ဆိုတာ အားလုံး မဟုတ်ပေမယ့် အနည်းဆုံး50% ကတော့ မဖြစ်မနေမှန်နေပါတယ်။50ဆိုတာ နည်းနေပါသေးတယ်။ကျနော်ကိုယ်တိုင် ကမြန်မာတစ်ယောက်ပါ။အသက်15 လောက်ရောက်တော့ မှကရင်ပြည်နယ် ကိုရောက်လာပါတယ် အခုတော့ 5နှစ်လောက်ကြာပါပြီ။သူတို့ အမြင်တွေနဲ့ ကျနော်တို့ အမြင်တွေ မတူကြဘူးဗျ။Comrade လဲတိုင်းရင်းသားတွေ စိတ်ကိုဘယ်လိုမြင်လဲ မသိဘူး။ကျနော့်သူငယ်ချင်းတွေအားလုံးလဲ လူမျိုးစုံပါပဲ ကရင်၊မွန်၊ရှမ်း၊ပအို့၊ကရင်နီ အများကြီးပါပဲ။

    ReplyDelete
  2. ကျွန်တော်လည်း တိုင်းရင်းသား တချို့က အိမ်နီးချင်းနိုင်ငံတွေကို အထင်ကြီးနေတယ်ဆိုတာ နားလည်ပါတယ်။ ဗမာတွေနဲ့ အခြားတိုင်းရင်းသားတွေက ပြည်ထောင်စု အပေါ်မှာ အမြင်တချို့ မတူကြဘူး။ ဗမာတွေက ပြည်ထောင်စု တစ်ခုလုံး အမြင်နဲ့ ကြည့်တာ တွေးတာ များတယ်၊ အခြားတိုင်းရင်းသားတွေကတော့ ပြည်ထောင်စု တစ်ခုလုံးအတွက် တွေးသူတွေ ရှိသလို လူမျိုးစုအတွက်ပဲ စဉ်းစားသူတွေလည်း ရှိတယ်။ ကျွန်တော်ကိုယ်တိုင်ကတော့ လူမျိုးအနေနဲ့ ပြောရရင် ဘာလူမျိုးလို့ တိတိကျကျ ပြောလို့မရဘူး၊ ဗမာ သွေးလည်းပါတယ်၊ မွန်သွေးလည်း ပါတယ်၊ ကျွန်တော့်ကိုယ် ကျွန်တော် မြန်မာနိုင်ငံသား တစ်ယောက်လို့ပဲ ခံယူတယ်၊ ပြည်ထောင်စုကို ယုံကြည်တယ်။

    ဒါပေမယ့် အိမ်နီးချင်းနိုင်ငံတွေကို အထင်ကြီးတဲ့ တိုင်းရင်းသား ညီအစ်ကိုတွေကို အမြင်ကျဉ်းသူတွေလို့ အပြစ်မတင်ကြစေချင်ဘူး။ သူတို့ခံစားချက်ကို နားလည်အောင် ကြည့်ကြစေချင်တယ်။ အိမ်နီးချင်းနိုင်ငံက ပိုတိုးတက်တော့ သူတို့ တဖက်နိုင်ငံကို အထင်ကြီးတာ မဆန်းပါဘူး။ ဗိုလ်ချုပ်ပြောခဲ့တဲ့ စကားလိုပဲ သူတို့ခွဲမထွက်အောင် ကြိုးစားရမှာက ကျွန်တော်တို့ အလုပ် ဆိုသလို၊ နိုင်ငံခြားကို အထင်ကြီးတဲ့ စိတ်တွေ ရှိနေတယ်ရင် ကျွန်တော်တို့ ညံ့နေသေးလို့ လို့ပဲ ဆိုရမှာပါ။ ကျွန်တော့်မှာ အစ်ကိုလို ခင်တဲ့ ကယားလူမျိုးမိတ်ဆွေ တစ်ယောက်ရှိတယ်၊ သူပြောပြတာက သူတို့ ကယားပြည်နယ်မှာ အရင်ပါလီမန် ခေတ်ကိုမှီလိုက်တဲ့ အဖိုးတွေ အဖွားတွေက ပြည်ထောင်စုကို လိုလားတယ်၊ အထင်လည်းကြီးတယ်လို့ ဆိုတယ်။ ဘာလို့လည်း ဆိုတော့ သူတို့ ခေတ်က မြန်မာ ကျပ်ငွေက ထိုင်း ဘတ်ငွေထက်တောင် တန်ဖိုးရှိတာကိုး၊ မြန်မာနိုင်ငံသားဖြစ်တာ ဂုဏ်ယူဖို့ မကောင်းဘဲ ဘယ်နေပါ့မလဲ။ တဦးချင်းငွေဝင်ကလည်း မြန်မာနိုင်ငံက အရှေ့တောင်အာရှမှာ အချမ်းသာဆုံးဖြစ်ခဲ့တယ်လေ၊ ရန်ကုန်တက္ကသိုလ်ကလည်း ဒေသတွင်း အကောင်းဆုံး တက္ကသိုလ်ဖြစ်ခဲ့တယ်။ အခု ခေတ် လူငယ်တွေကတော့ သူတို့ကိုယ်ပိုင် အတွေ့အကြုံနဲ့ပဲ ယှဉ်ပြီး တဖက်နိုင်ငံကို အထင်ကြီးတာပေါ့။

    ဒီတော့ မြန်မာနိုင်ငံသား အားလုံး မြန်မာနိုင်ငံကို ချစ်တတ်လာဖို့ ဆိုရင် ကျွန်တော်တို့ အားလုံး နိုင်ငံအတွက် တိုးတက်အောင် တတ်နိုင်တဲ့ ဘက်က ကြိုးစားကြဖို့ လိုတယ်။

    "တိုင်းပြည်ကို ချစ်ကြပါလို့ ပြောရင် တိုင်းပြည်ကိုယ်တိုင်ကလည်း ချစ်ချင်စရာ ကောင်းဖို့လိုတယ်။ To make us love our country, our country ought to be lovely." (Edmund Burke)

    ဒီစကားလေးကို သတိမူပြီး နိုင်ငံကို ဦးဆောင်သူများဘက်ကလည်း တိုင်းပြည်ဟာ ချစ်ချင်စရာ၊ ဂုဏ်ယူချင်စရာ ကောင်းအောင် တည်ဆောက်ပေးကြရမယ်။ နိုင်ငံသားများဖြစ်တဲ့ တိုင်းရင်းသား ပြည်သူ အများဘက်ကလည်း-

    "တိုင်းပြည်က သင့်အတွက် ဘာလုပ်ပေးနိုင်သလဲ မမေးပါနဲ့၊ တိုင်းပြည်အတွက် သင်ဘာလုပ်ပေးနိုင် သလဲ ဆိုတာပဲ မေးပါ။ Ask not what your country can do for you - ask what you can do for your country" (John F. Kennedy)

    အထက်ပါ စကားကို ခံယူပြီး တိုင်းပြည်က ပေးမယ့် အခွင့်အရေးကို မျှော်မယ့် အစား ကိုယ်နိုင်တာကို တိုင်းပြည်အတွက် လုပ်ကြမယ်ဆိုရင်၊ ကျွန်တော်တို့ နိုင်ငံဟာ တိုးတက်ငြိမ်းချမ်းလာမှာ မလွဲပါဘူး။

    ဒီလိုမှ မဟုတ်ဘဲ တိုင်းသူပြည်သားတွေကလည်း တိုင်းပြည်က လုပ်ပေးမှာပဲ မျှော်ကြတယ်၊ ကိုယ်စီကိုယ်စီ တိုင်းပြည်အတွက် အလုပ်လုပ်ဖို့တော့ စိတ်မကူးကြဘူးဆိုရင်၊ အုပ်ချုပ်သူကလည်း တိုင်းပြည်ကို ချစ်ကြဖို့သာပြောတယ် ချစ်ချင်စရာ ကောင်းအောင်တောင် မလုပ်ပေးဘူးဆိုရင် ကျွန်တော်တို့နိုင်ငံဟာ ဘယ်တော့မှလည်း ညီညွတ်မှာ မဟုတ်ဘူး၊ တိုးတက်မှာ မဟုတ်ပါဘူး။

    တိုင်းရင်းသား ညီအစ်ကို အားလုံး ပြည်ထောင်စု စိတ်ဓါတ်မွေးကြပါ။ အိမ်နီးချင်းနိုင်ငံတွေကို အထင်ကြီးတဲ့ တိုင်းရင်းသား ညီအစ်ကိုတွေကိုလည်း အပြစ်မမြင်ဘဲ နားလည်ပေးကြပါ၊ ချစ်ကြဖို့ကို ပါးစပ်ပြောတင်မကဘဲ လက်တွေ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေနဲ့ သက်သေပြကြပါလို့ပဲ ဆွေးနွေးချင်ပါတယ်။

    regards,
    Comrade

    ReplyDelete
  3. ကို Comrade ပြောတာထောက်ခံတယ်ဗျာ တိုင်းရင်းသားနှင့် ဗမာ နှင့် ခွဲပြီး မပြောကြစေချင်ပါဘူး ခင်ဗျာ... လူဦးရေ သန်း၆၀ ကျော်ကျော်ရှိတဲ့နိုင်ငံမှာ ထပ်ပြီး ခွဲနေမယ်ဆိုရင် ဘယ်လောက်မှ မကျန်တော့ပါဘူး တိုင်းပြည်ကို ချစ်တတ်ကြပါစေဗျာ..။

    ReplyDelete