Saturday, June 25, 2011

ဟန်ချက်ညီညီ ပြောင်းလဲဖွံ့ ဖြိုးမှု-၂


နံပါတ်(၄)အချက်...။ ။ နောက်ဆုံးဖြစ်တဲ့... နံပါတ်(၄)အချက်ကတော့ ကျွန်တော်တို့ကိုယ်တို
င် တစ်ဦးချင်းသိတတ်မှုသာမက တပ်ဖွဲ့ကြီးအလိုက်၊ တပ်မတော်တရပ်လုံးစွမ်းဆောင်ရမယ့်ကိစ္စတွေပါ ပါဝင်နေပါတယ်။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့တပ်မတော်ဟာ ဥပဓိရုပ်လိုနေပါသေးတယ်... အရပ်စကားနဲ့ ပြောရရင် လူရှိန်ဖို့အတွက် အချို့အချက်ကလေးတွေ လိုအပ်နေပါသေးတယ်။

ကျွန်တော်တို့ နှစ်စဉ်ကျင်းပလာတဲ့ တပ်မတော်နေ့... အခု ရပ်နားထားပါတယ်(ဖျက်သိမ်းလိုက်တာလားတော့ မသိပါ)။ ဒါဟာ စစ်အသုံးစရိတ်ကို ကုန်ကျစေတယ်၊ မှန်ပါတယ်။ ပြီးတော့ ဒီအခမ်းအနားကြီးအတွက် အဘက်ဘက်က စာရင်းဇယားတွေ၊ အလုပ်တွေ၊ စီမံခန့်ခွဲရမှုတွေ၊ ကွပ်ကဲရမှု၊ ဦးရေးထောက်တာဝန်တွေဟာ တကယ်ကြီးမားတဲ့ တာဝန်ကြီးတခုဆိုတာလဲ မှန်ပါတယ်။ ဒီလို ကုန်ကျသွားမယ့် ငွေတွေအစား ခေတ်မီတိုက်လေယာဉ်တစ်စင်းဖြစ်ဖြစ်၊ တင့်ကားတစ်စီးဖြစ်ဖြစ် ဝယ်လိုက်တာကမှ အကျိုးရှိဦးမယ်လို့ ဆိုလာရင်လဲ ကျွန်တော် ထောက်ခံမိမှာပါ။ ဒါပေမယ့်... တခုတော့ ရှိသွားတယ်ဗျာ။

ဥပမာ - တရုတ်တပ်မတော်ကိုပဲ ကြည့်ပါ။ တရုတ်ဟာ သူ့စစ်ရေးစွမ်းရည်၊ လက်နက်ထုတ်လုပ်ထားမှုတွေ၊ သူ့နိုင်ငံရဲ့ လက်ရုံးတပ်ဖွဲ့ကြီးတွေရဲ့ စုဖွဲ့မှုအင်အားနဲ့အရည်အချင်းတွေကို သူ့ပြည်သူတွေသာမက ကမာကပါသိအောင် မီဒီယာနည်းနဲ့ လက်တွေ့မျက်မြင်ပြသနေတာကို မိတ်ဆွေတို့လဲ သိကြမှာပါ။ သူတို့ရဲ့အဓိကတပ်ဖွဲ့ကြီးတွေဖြစ်တဲ့ ရေတပ်၊ လေတပ်၊ အမြောက်တပ်၊ လေကြောင်းရန်ကာကွယ်ရေးတပ်၊ တင့်တပ်စတဲ့တပ်ဖွဲ့တွေရဲ့ လေ့ကျင့်ပစ်ခတ်ပြသမှုတွေ၊ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေဟာ သူ့နိုင်ငံရဲ့ပြည်သူတွေစိတ်ထဲမှာ "အားကိုးလိုစိတ်၊ အထင်ကြီးစိတ်၊ လေးစားစိတ်"တွေဖြစ်ပေါ်စေရုံသာမက သူတို့တပ်မတော်ဟာ ဘာတွေလုပ်နေတယ်ဆိုတာကိုပါ ပြည်သူတွေကို အသိပေးတဲ့သဘော ဆောင်နေပါတယ်။ ဒီလိုစိတ်တွေ ပြည်သူတွေစိတ်ထဲမှာ ရှိနေမယ်ဆိုရင် တပ်မတော်နဲ့ပြည်သူ တသားထဲဖြစ်မှု စိတ်ဓာတ်အင်အားနဲ့ ကိုယ့်အလုပ်အပေါ်ကိုယ် ဂုဏ်ယူရမှုတွေကြောင့် စစ်သည်တဦးချင်းရဲ့ စိတ်ဓာတ်အနေအထားတွေကလဲ မြင့်တက်နေမှာ အမှန်ပါပဲ။

ကျွန်တော်တို့တပ်မတော်ကို ကြည့်ရအောင်...။ ကျွန်တော်တို့တပ်မတော်ကတော့ ကြောင်လက်သည်းဝှက်သလို ပြုမူနိုင်လွန်းပါတယ်၊ အချိန်မတန်သေးခင် မထုတ်ပြသေးတာလို့ပဲ ပြောရမလား၊ မလိုအပ်ဘူးလို့ ယူဆတဲ့အတွက်ကြောင့်ပဲ မထုတ်ပြသေးတာလို့ပဲ ပြောရမလား။ ရှင်းရှင်းပြောရရင် တပ်မတော်ရဲ့ သာမန်တပ်သားလေးတယောက်အဖို့တောင်မှ ကိုယ့်တပ်မတော်ရဲ့စွမ်းဆောင်ရည်ကို ယုံကြည်မှုရှိဖို့ စိတ်ဓာတ်အင်အားလိုအပ်နေတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်တပ်မတော်မှာ ဘာတွေရှိတယ်၊ ဘာတွေ လုပ်နိုင်တယ်၊ ဘယ်လိုအရည်အချင်း၊ စွမ်းရည်တွေရှိတယ်ဆိုတာ သူတို့ကိုယ်တိုင် မမြင်တွေ့၊မသိရှိကြတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

တပ်မတော်မှာ အရင်ကလို ကုန်းရေနှစ်သွယ် ပူးပေါင်းစစ်ရေးလေ့ကျင့်တာမျိုး၊ နောက်ပြီး ကြည်းရေလေပူးပေါင်း စစ်ရေးလေ့ကျင့်တာမျိုး၊ လက်ရုံးတပ်ဖွဲ့ကြီးတွေ ပူးပေါင်းစစ်ရေးလေ့ကျင့်တာမျိုး မရှိသလောက်ပါပဲ။ ခြေလျင်ခြေမြန်တပ်ရင်းတွေရဲ့ နောက်တန်းပြန်အနားယူချိန်မှာ တပ်မအလိုက် Refit ဝင်တာတွေတော့ ရှိပါတယ်... ဒါပေမယ့် ဒါတွေကိုလဲ ဒီ့ထက်ပိုပြီး ထိထိရောက်ရောက်ဖြစ်ဖို့ လိုအပ်ပါတယ်။ Refit ဝင်ချိန်မှာ ၆ဝ မမ စိန်ပြောင်းပစ်ခတ်မှု လေ့ကျင့်ပေးထားတဲ့ စစ်သည်တယောက်ကို တကယ်ရှေ့တန်းထွက်တော့ MA-2 ကိုင်ခိုင်းတာ၊ MA-4 ကိုင်ခိုင်းတာမျိုး... ဒါတွေဟာ မဖြစ်သင့်ပါဘူး။ သူ့နေရာ အစားဝင်မယ့်သူဟာ စိန်ပြောင်းပစ်ခတ်မှုမှာ အသားကျနေရင်တော့ ကိစ္စမရှိပါဘူး၊ ဒါပေမယ့် စိန်ပြောင်းပစ်ခတ်မှုနဲ့ သိပ်မကျွမ်းဝင်သေးတဲ့ အခြားတပ်သားတစ်ယောက်ဆိုရင်တော့ ဒါ တကယ်လက်တွေ့ ရှေ့တန်းမှာ ပစ်ရခတ်ရတဲ့အခါမှာ တိတိကျကျ ပစ်မှတ်ကို ချေမှုန်းနိုင်ဖို့ ခက်ခဲသွားပါလိမ့်မယ်။ ဒီလိုပါပဲ... Refit ဝင်တုန်းက MG-53 စက်လတ်ပစ်ခတ်မှု လေ့ကျင့်ပေးထားတဲ့သူ၊ ပုခုံးထမ်းလောင်ချာပစ်ခတ်မှု လေ့ကျင့်ပေးထားတဲ့သူ၊ ဒသမ ၅ စက်သေနတ်ကြီးပစ်ခတ်မှု လေ့ကျင့်ပေးထားတဲ့သူ၊ ၈ဝ မမ စိန်ပြောင်းပစ်ခတ်မှု လေ့ကျင့်ပေးထားတဲ့သူ စတဲ့စတဲ့သူတွေဟာ တပ်ရင်းတွေ တကယ်ရှေ့တန်းထွက်ရင်လဲ သူတို့ရဲ့ ကျွမ်းကျင်ရာလက်နက်အမျိုးအစားတွေအလိုက် ဖွဲ့စည်းပုံမှာ ပါသွားတာပဲဖြစ်သင့်ပါတယ်။ ဒီလိုမှ မဟုတ်ပဲ တခြားလက်နက်တွေ ကိုင်ပြီး ရှေ့တန်းမှာ ပါသွားမယ်ဆိုရင်တော့ သူတို့ရဲ့ လေ့ကျင့်ထားတဲ့စွမ်းရည်တွေကို အလဟဿဆုံးရှုံးလိုက်ရသလိုပါပဲ။ တိုက်ပွဲဖြစ်လာတဲ့အခါ စောစောကပြောတဲ့ တပ်ခွဲအဆင့်၊ တပ်ရင်းအဆင့် လက်နက်ကြီးတွေရဲ့ လိုအပ်တဲ့ပစ်အား၊ တိကျမှု၊ မြန်ဆန်မှုကို မရတာ အဲဒီအချက်တွေကြောင့်ပါ။ ဒါ... ကျွန်တော့်လက်တွေ့ပါပဲ။ ဒါကိုလဲ တာဝန်ရှိသူ အဆင့်ဆင့်ရဲ့ ပညာပေးကြပ်မတ်စစ်ဆေးမှုတွေ လိုအပ်နေပါသေးတယ်ဆိုတာ ကျွန်တော် မီးမောင်းထိုးပြချင်ပါတယ်။

ပြီးတော့ ကျွန်တော် စောစောက ပြောခဲ့သလို လက်ရုံးတပ်ဖွဲ့ကြီးတွေရဲ့ လေ့ကျင့်မှုတွေ... ဒါတွေဟာ တကယ်လိုအပ်ပါတယ်။ ကျွန်တော်တို့တပ်မတော်ဟာ လက်ရှိပြည်တွင်း သောင်းကျန်းသူတွေလောက်နဲ့ တပ်မတော်ရဲ့စွမ်းရည်ကို တိုင်းတာနေရတာပါ။ ဒါပေမယ့် ပြည်တွင်းသောင်းကျန်းသူအဆင့်မှာ အမြောက်၊ တင့်၊ လေကြောင်းရန်၊ ရေ၊ လေ စတဲ့ အဓိကလက်ရုံးတပ်ဖွဲ့ကြီးတွေရဲ့ စွမ်းရည်ကို တိုင်းတာခွင့်မရပါဘူး။ တကယ်လို့သာ ပြည်ပကျူးကျော်မှု တခုခုကြောင့် ဒီလက်ရုံးတပ်မကြီးတွေကို ချက်ချင်းလက်ငင်း အသုံးပြုရတော့မယ်ဆိုပါစို့... ကျွန်တော်တို့တွေ အဆင်သင့်ဖြစ်နိုင်မလား ? လုံလောက်တဲ့ ကိုင်တွယ်မှုစွမ်းရည်တွေကို ရရှိနိုင်ပါ့မလား ? ပင်မတိုက်ပွဲဝင်တင့်တွေဆိုရင်လဲ အဲဒီတင့်တွေရဲ့ တင့်စစ်သည်တွေဟာ အဆင်သင့်ဖြစ်နေပြီလား...၊ ၁၅၅ မမ အမြောက်ကြီးတွေဆိုရင်လဲ အဲဒီရဲ့အမြောက်စစ်သည်တွေဟာ ပစ်မှတ်တွေကို တိတိကျကျ ချိန်ရွယ်ပစ်ခတ်နိုင်ဖို့ လုံလောက်တဲ့လေ့ကျင့်မှုတွေနဲ့ အသားကျနေပြီလား...၊ လေကြောင်းရန်ရဲ့ Air Defence စနစ်တွေဆိုရင်လဲ ကိုယ့်မြေပေါ်ကို ကျူးကျော်လာမယ့် အခြားတိုက်လေယာဉ်တွေ၊ တာဝေးပစ်ဒုံးတွေကို ကြားဖြတ်တားဆီးနိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလား...၊ လေတပ်ရဲ့ တိုက်လေယာဉ်မှူးတွေကရော အချိန်မရွေးအဆင်သင့်ထပျံပြီး တိုက်နိုင်မယ့်စွမ်းရည်ရှိနေပြီလား ?

ဒါတွေကို မထောက်ထားမညှာတာပဲ အဖြေထုတ်ပြရမယ်ဆိုရင်တော့ "လိုအပ်နေပါသေးတယ်"လို့ ကျွန်တော်ပြောလိုက်ချင်ပါတယ်။ ဒါ... ဘာလို့လဲဆိုရင်တော့ Training အသား မကျသေးလို့ပါပဲ။ သာမန်လူတယောက်မှာတောင် ပထမဆုံးအကြိမ်ဆိုတာ ဘာလုပ်လုပ် အထစ်အငေါ့ရှိတတ်ပါသေးတယ်... ကျွန်တော်တို့ရဲ့ မဟာဗျူဟာ၊ နည်းဗျူဟာလက်နက်ကြီးတွေကို ကိုင်တွယ်နေရတဲ့ တပ်မတော်ရဲ့စစ်သည်တွေအဖို့တော့ ပြောစရာမလိုတော့ပါဘူး။ သူတို့ဟာ တကယ်တမ်း အရေးရယ်အကြောင်းရယ် ရှိလာတဲ့အခါမှာ ယုံကြည်မှုရနေဖို့အတွက် အတွေ့အကြုံတွေ၊ လေ့ကျင့်မှုတွေ ရှိနှင့်နေဖို့လိုအပ်ပါတယ်။ ဒါတွေကို ဖြေရှင်းနိုင်ဖို့နည်းလမ်းကတော့ သူတို့ကို ကျည်စစ်ကျည်မှန်နဲ့ လေ့ကျင့်ပေးနိုင်မှု...၊ ပုံမှန် Alert ပေးပြီး လက်ရုံးတပ်ဖွဲ့ကြီးတွေအချင်းချင်း တပ်မတော်တွင်းမှာ ၆ လတန်သည်ဖြစ်စေ၊ ၁ နှစ်တန်သည်ဖြစ်စေ ၁ ကြိမ်ကျ ပုံမှန်စစ်ရေးပူးပေါင်းလေ့ကျင့်မှုတွေကို ကျည်စစ်ကျည်မှန်နဲ့ လုပ်ဆောင်ပေးဖို့ပါပဲ။ ဒါမှသာ လက်ရုံးတပ်ဖွဲ့ကြီးတွေရဲ့ စစ်သည်တိုင်းစစ်သည်တိုင်းဟာ အမြဲတမ်း Active ဖြစ်နေပြီး ကိုယ် ကိုင်တွယ်ရတဲ့ လက်နက်ကြီးတွေအပေါ် ကျွမ်းကျင်မှု၊ ယုံကြည်မှုအပြည့်အဝ ရှိနေမှာဖြစ်ပါတယ်။ စစ်ရေးအသုံးစရိတ် ကုန်ကျမှုရှိမှာတော့ မှန်ပါတယ်... ဒါပေမယ့် ရရှိလာမယ့်အကျိုးအမြတ်အနေနဲ့ တပ်မတော်ကြီးတရပ်လုံးရဲ့ စိတ်ဓာတ်အင်အားကိုသာမက စစ်သည်တွေရဲ့ စစ်ရေးစွမ်းရည်တွေပါ အသင့်အနေအထားဖြစ်လာအောင် တိုးတက်လာမှာဖြစ်ပါတယ်။ ဒါ ကျွန်တော်တို့လိုချင်တဲ့ တပ်မတော်အတွက် အဓိကဖြစ်တဲ့ "တိုက်စွမ်းရည်နဲ့စိတ်ဓာတ်"ပါပဲ...။

ဒီလိုလေ့ကျင့်နေခြင်းအားဖြင့် လက်ရုံးတပ်ဖွဲ့ကြီးတွေသာမက ကျန်တဲ့ ခြေလျင်ခြေမြန်စစ်သည်တွေအဖို့လဲ မိမိတို့တပ်မတော်ရဲ့ စွမ်းရည်နဲ့လေ့ကျင့်မှုတွေကို မျက်ဝါးထင်ထင်တွေ့မြင်နေရတဲ့အတွက် အမိတပ်မတော်အပေါ်၊ အမိတပ်မတော်ရဲ့စွမ်းရည်တွေအပေါ် ယုံကြည်ကိုးစားမှုနဲ့အတူ စိတ်ဓာတ်အင်အားသာမက တပ်မတော်သားတယောက်ဖြစ်နေရတဲ့ ကိုယ့်ကိုယ်ကိုလဲ ဂုဏ်ယူတန်ဖိုးထားတတ်တဲ့ စိတ်ဓာတ်တွေပါ ရရှိလာမှာဖြစ်ပါတယ်။ ပြည်သူတွေအဖို့ရော... ထို့အတူပါပဲ။ ရိုးရိုးပြည်သူတွေမှ မဟုတ်ပါဘူး...၊ "အလကားပါကွာ... လစာယူပြီး ဘာမှ ဟုတ်တဲ့ကောင်တွေ မဟုတ်ဘူး"လို့ အပြစ်ပြောနေကြတဲ့ ပါးစပ်ပေါက်ပိုင်ရှင်တွေတောင် ပါးစပ်တွေ ပိတ်ကုန်ကြမှာ အသေအချာပါပဲ။ ဒီတော့ ကျွန်တော် တခုပြောချင်တာက ပုံမှန် ဦးရေးထောက်လုပ်ငန်းတွေနဲ့ အိပ်မောကျနေတဲ့ တပ်မတော်ကြီးကို လှုပ်နှိုးဖို့ အချိန်ရောက်ပါပြီ၊ အချိန်တန်ပါပြီ"လို့...။ တပ်မတော်ဆိုတာ အဓိက,က နိုင်ငံတော်ကို ကာကွယ်ဖို့ပါ၊ နိုင်ငံတော်ကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့တိုက်စွမ်းရည် အပြည့်ရှိနေရပါမယ်... ဒါကို ဖြည့်ဆည်းဖို့လဲ တပ်မတော်သားတိုင်းမှာ တာဝန်ရှိနေပါတယ်။ ပြည်တွင်းသောင်းကျန်းသူအဆင့်လောက်နဲ့ မျက်စိပိတ်၊ နားပိတ်နေတဲ့ စစ်သည်တိုင်းကို နိုင်ငံတကာအဆင့်ထိ မျက်စိဖွင့်၊ နားဖွင့်ပေးဖို့ လိုအပ်နေပါပြီ၊ သူတို့ရဲ့ စွမ်းရည်တွေကို လေ့ကျင့်မှုနဲ့တွေအတူ အသားကျအောင် မြှင့်တင်ပေးဖို့လိုအပ်နေပါပြီလို့ ကျွန်တော် ပြောလိုက်ချင်ပါတယ်။

4 comments:

  1. ကိုunknownရဲ့ ဆွေးနွေးမှုတွေကို အင်မတန်အားရတယ်ဗျား။ ကျေးဇူးလည်း တင်ပါတယ်။ အခုဆို တပ်မတော်ဟာ အုပ်ချုပ်ရေးအာဏာ အရပ်ရပ်ကို အရပ်သားအစိုးရကို လွှဲပြောင်းပေးဖြစ်လို့ မိမိရဲ့ မူလတာဝန်ပဲ ပြန်လည်ထမ်းဆောင်ရတော့မှာ ဖြစ်တယ်။ တပ်မတော် ခေါင်းဆောင်းပိုင်းတွေ အနေနဲ့ တပ်မတော်ကိစ္စကိုပဲ အပြည့်အဝ အာရုံစိုက်နိုင်တော့မယ်လို့ မျှော်လင့်ပါတယ်။ ခေါင်းဆောင်ပိုင်းတွေတင်မက တိုင်းမှူးတွေ၊ တပ်နယ်မှူးတွေ ဟာလည်း အရင်က အရပ်ဘက် အုပ်ချုပ်ရေး ကိစ္စတွေမှာ ဝင်ရောက် စီမံခန့်ခွဲရတာတွေ ရှိခဲ့လို့ တပ်ဘက်ပိုင်းကို အပြည့်အဝ အာရုံ မစိုက်နိုင်ခဲ့ကြဘူး။ အခုတော့ တာဝန်ထမ်းဆောင်ဆဲ တပ်မတော်သား အားလုံးဟာ တပ်ကိစ္စကိုပဲ အာရုံစိုက်ပြီး တပ်မတော်ကို စိတ်ဓါတ်က အစ ပြန်လည်တည်ဆောက်ရေး လုပ်ရပါမယ်။ ဒီနေရာမှာ အောက်ခြေ အရာရှိများနဲ့ အောက်ခြေအခြားအဆင့်များကလည်း အရင် တပ်မတော်က အုပ်ချုပ်ခဲ့တဲ့ အချိန်တုန်းကလို အရပ်ဘက် အုပ်ချုပ်ရေးမှာ ဝင်စွက်ဖက်တာ၊ မလျှော်သြဇာသုံးတာတွေ မလုပ်မိကြဖို့ အရေးကြီးပါတယ် (အရာရှိတွေက ဂိတ်မှူးကို အမိန့်ပေးပြီး ကားအစင်းလိုက် ချောဆွဲတာ၊ ရဲဘော်တွေက လိုင်းကားကို ပိုက်ဆံ မပေးဘဲ တားစီးတာမျိုး အပါအဝင်)။ ဒီလို အရပ်ဘက် အုပ်ချုပ်ရေး ယန္တယားနဲ့ ကင်းအောင် နေနိုင်လာတာနဲ့ အမျှ ပြည်သူတွေဟာ အစိုးရနဲ့ တပ်မတော်ကို ခွဲခွဲခြားခြား မြင်တတ်လာပါလိမ့်မယ်။ အစိုးရ ကောင်းတာ၊ မကောင်းတာက တပ်မတော်နဲ့ မဆိုင်ဘူး ဆိုတာ နားလည်လာကြပါလိမ့်မယ်။ အစိုးရတွေက ရွေးကောက်ပွဲနဲ့ တက်လာကြပြီး (၅)နှစ်တစ်ခါ ရွေးကောက်ပွဲ ရလဒ်အတိုင်း ပြောင်းနေမှာပါ။ တပ်မတော်ကတော့ ပြည်သူတွေ အတွက် အမြဲထာဝရ အားထားရာဆိုတဲ့ ယုံကြည်မှုမျိုး ရအောင် တည်ဆောက်ကြရပါမယ်။

    (၁) စစ်ရေးပြ အခမ်းအနားနဲ့ ပက်သက်လို့ ငွေကုန်ကြေးကျများတာ မှန်ပေမယ့် ကျွန်တော်က ကျင်းပတာကို ထောက်ခံတယ်။ ဒါပေမယ့် အခု လက်ရှိလုပ်နေတဲ့ ပုံစံ အတိုင်းတော့ မဟုတ်ဘူး၊ ခြေလျင် ချီတက်ပြီး စစ်ရေးပြတဲ့ စစ်ကြောင်းတွေ အပြင်၊ သံချပ်ကာ တိုက်ခိုက်ရေးယာဉ်၊ တင့်ကား၊ ဒုံးပစ်ယာဉ်၊ လေယာဉ်ပစ် ဒုံးကျည်တင်ကား၊ လေကြောင်းရန် ကာကွယ်ရေး အမြောက်ကား၊ အမြောက်တင်ယာဉ်ကြီးများ စတဲ့ ကိုယ့်တပ်မတော်မှာ ရှိနေပြီး ဖြစ်တဲ့ လက်နက်ကြီးများပါ ပါဝင် ချီတက်စေချင်ပါတယ်။ စစ်ရေးပြ ကျင်းပတဲ့ ကွန်ကရစ်လမ်းမကြီးနဲ့ ကွန်ကရစ်ကွင်းကြီး အနေအထားက ဒီလိုယာဉ်ကြီးတွေ ပါဝင်ချီတက်ဖို့ အင်မတန် သင့်လျှော်ပါတယ်။ မင်းသုံးပါရုပ်တုနဲ့ အရှေ့ရိုးမ တောင်တန်းကြီး နောက်ခံထားတဲ့ ဒီကွင်းပြင်ကျယ်ကြီးမှာ ဒီလို လက်နက်ကြီးတွေ ဖြတ်သန်းချီတက် စစ်ရေးပြတဲ့ မြင်ကွင်းဟာ တွေးကြည့်တာနဲ့တင် အင်မတန် တက်ကြွဖို့ ကောင်းပါတယ်။ အဲဒီ့ အချိန်မှာ ကောင်းကင်မှာလည်း တပ်မတော်လေက ဖြတ်သန်းပြီး ပုံစံအမျိုးမျိုး ပျံသန်းပြပေါ့ဗျာ။

    ကျွန်တော်ကတော့ ကြောင်လက်သည်းဝှက်တာထက် ကိုယ့်လက်မောင်း ကြွက်သားတွေ ညှစ်ပြပြီး ရန်သူကို စည်းရုံးရတာကို ပိုသဘောကျတယ်။ အခုက တပ်မတော်ကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေက ခန့်ညားလေးစားလာဖို့ မပြောနဲ့ ကိုယ့်ရဲဘော်တွေတောင် ဂုဏ်ယူဖို့ ခက်တဲ့ အခြေအနေပါ၊ ကိုunknown ပြောသလို ကိုယ့်တပ်မတော်စွမ်းရည်ကို ရဲဘော်တွေ ကိုယ်တိုင် မသိကြတော့ စိတ်ဓါတ်အင်အားတွေ ကျဆင်းသွားနိုင်တယ်။

    (၂) ပူးပေါင်း စစ်လေ့ကျင့်ခန်းကြီးတွေကလည်း လိုအပ်ပါတယ်၊ ငွေကုန်ကြေးကျလည်း အင်မတန်မှ များတာ အမှန်ပါပဲ။ ဒီတော့ ပုံမှန် အမြဲတမ်း အချိန်ဇယားနဲ့တော့ လုပ်နိုင်မယ် မထင်ဘူး၊ ဒါပေမယ့် ဘယ်နှနှစ်ကို တစ်ကြိမ်ဆိုတာမျိုး အကြမ်းမျဉ်းတော့ အစီအစဉ် ရှိသင့်တယ်။ လေ့ကျင့်ရေးပိုင်းနဲ့ ပက်သက်ရင် တပ်မအလိုက် ဝင်တဲ့ refit တွေမှာလည်း လိုအပ်ချက်တွေ ရှိနေသလို၊ အခြေခံ လေ့ကျင့်ရေး တပ်တွေကလည်း ပိုပြီး ကြပ်မတ်ပြုပြင်သင့်ပါပီ။ လေ့ကျင့်စဉ်မှာ ကိုင်ရတဲ့ လက်နက်က တမျိုး၊ ရှေ့တန်းမှာ ကိုင်ရတဲ့ လက်နက်က တမျိုး ဖြစ်တာတွေကတော့ ဖွဲ့စည်းပုံ မပြည့်တဲ့ ပြဿနာကြောင့် အဓိက ဖြစ်ပါလိမ့်မယ်။ ဖွဲ့စည်းပုံက မပြည့်၊ ဒီကြားထဲမှာ သင်တန်း အမျိုးမျိုးကြောင့် လူတွေ ထပ်ပေးရ၊ နောက် ဗျူဟာကတောင်း၊ ဟိုကတောင်း၊ ဒီကတောင်းနဲ့ လူတွေ ထုတ်နုတ်ပေးရတော့ ရှိတဲ့ လူနဲ့ ဖြစ်အောင် ပြန်စုဖွဲ့တဲ့ အခါ အရင်ကိုင်ရတဲ့ လက်နက်နဲ့ အလွဲလွဲ အချော်ချော် ဖြစ်ကုန်တာပဲ။ ဒီတော့ ရဲဘော်တွေမှာ ဘယ်လူက ဘာလက်နက်ကို ကျွမ်းကျင်တဲ့ ဆိုတဲ့ အထူးပြု သမားတွေ မရှိတော့ဘူး၊ ကြုံတဲ့ လူက ကြုံတဲ့ လက်နက်ကို ကြုံသလို ဝင်ကိုင်ကြရတယ်၊ စိန်ပြောင်းကိုင်ဖို့ တာဝန်ပေးထားတဲ့ ရဲဘော်က စိန်ပြောင်းတစ်ခါမှ မပစ်ဖူး၊ သင်တန်းလည်း မတက်ဖူးတာမျိုး တွေ့ခဲ့ဖူးတယ်။

    တင့်ကားတပ်ဖွဲ့က တင့်ကား ကျွမ်းကျင်၊ အမြောက်တပ်ဖွဲ့က အမြောက်ကျွမ်းကျင်၊ ခြေလျင်တပ်မတွေကလည်း တပ်မအလိုက် စစ်ကစားတာတွေ ကျွမ်းကျင် နေရုံနဲ့လည်း မဖြစ်သေးဘူး။ ပေါင်းစပ်ညှိုနှိုင်းမှု ဆိုတာ လိုအပ်သေးတာမို့ ပူးပေါင်း စစ်လေ့ကျင့်ခန်းကြီးတွေ လိုအပ်ပါသေးတယ်။

    ဆက်ရန်-

    ReplyDelete
  2. (၃) နောက်တစ်ချက်က စစ်သည်တော် ကျင့်ဝတ်ပိုင်းပါ။ တကယ်သာ အပါး (၆၀)သော စစ်သည်တော် ကျင့်ဝတ်ကို ခါးဝတ်ပုဆိုးလို ထိပ်ဆုံးကနေ အောက်ခြေအထိမြဲကြရင် ကျွန်တော်တို့ တပ်မတော်ကြီး ဘယ်သူဝေဖန်တာမှ ခံရမှာ မဟုတ်သလို ပြည်သူကလည်း တကယ့်ကို ယုံကြည် အားကိုးကြမှာပဲ။ ဒီတော့ ကျင့်ဝတ်ပိုင်းတွေ အလေးထားပြီး ထိန်းသိမ်းကြပ်မတ် စေချင်တယ်။ ကျင့်ဝတ်ပိုင်း အလေးထားဖို့ ဆိုတာ စစ်သည်တော် ကျင့်ဝတ်တွေ ကျက်ခိုင်းပြီး ကျင့်ဝတ် ပြိုင်ပွဲတွေ လုပ်နေဖို့တင် မဟုတ်ပါဘူး၊ စာသားတွေ အပြင် အဓိပ္ပါယ်ကိုပါ စစ်သည် အဆင့်အတန်း အားလုံး၊ မိသားစုဝင် ရဲမေများပါ အပါအဝင် နားလည်စေဖို့ ရှင်းပြတာမျိုးတွေ လုပ်စေချင်တယ်၊ တပ်မှူးတွေက ဦးဆောင်ပြီး ကိုင်တိုင်လည်း လိုက်နာ အောက်ခြေကိုလည်း ကြပ်မတ်ဖို့ပါ။ တပ်မတော်သားတွေကို အူမတောင့်အောင် ဖြည့်စည်းပေးဖို့က တပ်ထောက်ရဲ့ တာဝန်ပါ၊ အူမတောင့်တာကိုမှ သီလ မစောင့်နိုင်တဲ့ မတစ်ထောင်သားတွေကို ထိန်းသိမ်းဖို့လည်း တိကျတဲ့ ကြပ်မတ်မှုတွေ အပြစ်ပေးမှုတွေ လုပ်ရပါမယ်။ အပြစ်ပေးတာအပြင် စစ်သည်တော်ကျင့်ဝတ်နဲ့ ပက်သက်ပြီး ပညာပေး ဆွေးနွေးတာမျိုးတွေ လုပ်စေချင်တယ်၊ တပ်မတော်သားဘဝဆိုတာ ဂုဏ်ယူစရာကောင်းကြောင်း၊ ဒီလို ဂုဏ်ယူစရာကောင်းပြီး အများလေးစားခံရတာဟာ နိုင်ငံကို အသက်နဲ့ရင်းပြီး ကာကွယ်တဲ့ အလုပ် လုပ်နေလို့တင် မဟုတ်ဘဲ ကျင့်ဝတ်သိက္ခာတွေကို စောင့်ထိန်းကြရတဲ့ အတွက် ၊ ဒီကျင့်ဝတ်တွေကြောင့် ဂုဏ်ယူစရာ ဖြစ်တာ၊ လေးစားစရာ ဖြစ်တယ် ဆိုတာကို ပညာပေး စေချင်တယ်။ စစ်သားဘဝကို ဂုဏ်ယူတတ်လာရင် စိတ်ဓါတ်ပိုင်းဆိုင်ရာ အများကြီး တာသွားပါတယ်။ စစ်သည်တော်ကျင့်ဝတ်ကို ခါးဝတ်ပုဆိုးလိုတင် မကဘဲ လန်ကွတ်တီထက် မြဲကြစေချင်တယ်။ ဒီလိုဆိုရင် တပ်မတော်ကို အပုပ်ချမယ့် အဖွဲ့တွေ အတွက်လည်း အပုပ်ချစရာ၊ လက်ညှိုးထိုးစရာ မရှိဖြစ်သွားပါလိမ့်မယ်။

    ဒီဆွေးနွေးမှုကို စတင်တဲ့ ကိုunknown ရော၊ တင်ပေးတဲ့ ကိုMM ကိုရော ကျေးဇူးတင်ကြောင်း ပြောပါရစေ။ တခြား ညီအစ်ကိုတွေရဲ့ အမြင်တွေလည်း ကြားချင်ပါတယ်၊ ဝင်ဆွေးနွေး ပေးကြပါဦး။

    regards,
    Comrade

    ReplyDelete
  3. ကျွန်တော့အနေနဲ့အထက်ပါဆောင်းပါးပါအချို့အကြောင်းအရာကိုဆွေးနွေးလိုပါတယ်။
    ကိုunknownရဲ့ဆောင်းပါးဟာမိမိကိုယ်မိမိပြည်သူတစ်ယောက်အနေနဲ့ရေးသားခဲ့ရင်ကျွန်တော့အနေနဲ့မကန့်ကွက်ပါခင်ဗျာ၊ဒါပေမဲ့တပ်မတော်သားတစ်ယောက်အနေနဲ့ရေးခဲ့ရင်တော့အချို့အကြောင်းအရာတွေကိုကန့်ကွက်ပါတယ်၊

    တပ်မတော်သားတစ်ယောက်မှာအတိုက်အခံဆိုတာမရှိပါထို့အတူဘဲမိမိတပ်မတော်ကိုဦးဆောင်တဲ့ပါတီဆိုတာလည်းမရှိပါ။အာဏာရပါတီနဲ့ထိုအာဏာရပါတီကိုအတိုက်အခံပြုမဲ့အတိုက်အခံပါတီဘဲရှိပါတယ်။တပ်မတော်သားတစ်ယောက်ဟာလည်းပြည်သူထဲကပြည်သူဖြစ်တဲ့အတွက်ပြည်သူတစ်ယောက်အနေနဲ့ပုပ္ပလိကခံစားချက်၊ယုံကြည်ချက်အနေနဲ့မိမိကြိုက်တဲ့ဘက်ကိုထောက်ခံနိုင်ပါတယ်
    တပ်မတော်သားတစ်ယောက်အနေနဲ့ကတော့အာဏာရပါတီအပါအဝင်အတိုက်အခံပါမည်သည့်ဘက်မှဘက်လိုက်မထောက်ခံရပါ၊
    ယခုအာဏာရပါတီရှိလူများဟာယခင်ကတပ်မတော်တွင်မည်သည့်တာဝန်ဘဲယူခဲ့ယူခဲ့ယခုအချိန်မှာတော့တပ်မတော်နှင့်လုံးဝပတ်သက်အပ်စပ်မှုမရှိတော့တာကိုရှင်းရှင်းလင်းလင်းသိထားကြစေချင်ပါတယ်။
    တပ်မတော်သားတစ်ယောက်အနေနဲ့အာဏာရပါတီအားထောက်ခံစရာမလိုတဲ့အပြင်အတိုက်အခံပါတီကိုဆန့်ကျင်စရာမလိုပါ၊
    နဝတ၊SPDCလက်ထက်မှာတပ်မတော်ရှိတစ်ချို့လူတွေကြောင့်တပ်မတော်ရဲ့IMAGEမှေးမှိန်ခဲ့ရပါတယ်အထူးသဖြင့်နယ်ဘက်အုပ်ချုပ်ရေးတာဝန်ယူရသူများ၊အထက်လူကြီးသားသမီးများစီးပွါးရေးသောင်းကျန်းမှု၊နယ်စပ်စီးပွါးရေးလမ်းကြောင်းအတွင်တာဝန်ယူရသောတချို့သောဗျူဟာမှုးများ၊အထူးအခွင့်ထူးခံခေတ်ပျက်သူဋ္ဌေးကြီးများကြောင့်မှေးမှိန်ခဲ့ရပါတယ်၊
    လူတစ်ယောက်ကိုဖျက်ဆီးနိုင်တဲ့အရာတွေဟာငွေကြေး၊လုပ်ပိုင်ခွင့်၊အာဏာတို့ဘဲဖြစ်တယ်ဆိုတာအားလုံးဘဲသိမှာပါ။စီးပွါးရေးသမားရဲ့နည်းမျိုးစုံသုံးပြီးချည်းကပ်မှု၊ဇနီးသားသမီးများရဲ့လောဘကြီးမှုတွေကြောင့်အကျင့်ပျက်အရာရှိတွေထိုကာလမှာများစွာတွေ့ခဲ့ရပါတယ်။ဒါတွေဟာတပ်မတော်ကိုပြည်သူတွေကအထင်သေးစေတဲ့အဓိကအချက်တွေဖြစ်ပါတယ်။

    ပြည်တွင်းရှိအတိုက်အခံများမှာအလွန်လေးစားစရာကောင်းတဲ့လူတွေအများကြီးပါ၊ဥပမာဒေါ်အောင်ဆန်းစုကြည်၊ဗိုလ်ချုပ်ကြီးဦးတင်ဦး၊မင်းကိုနိုင်၊ကိုကိုကြီး၊NLDပါတီ၊နာမည်မကြီးဘဲလူမသိသူမသိဘဝဖြင့်အကျဉ်းကျခံရနေသူတွေများကြီးပါဗျာ၊အတိုက်အခံထဲမှာလည်းကြွက်ချေးတွေအများကြီးရှိသလိုအာဏာရပါတီထဲမှာလည်းကြွက်ချေးတွေဒုနဲ့ဒေးရှိပါတယ်။

    နဝတ၊SPDCခေတ်ကအရာရှိငယ်တွေရဲ့ဘဝဟာအထက်လူကြီးတွေရဲ့ဘဝနဲ့မိုးနဲ့မြေလိုကွာလွန်းလှပါတယ်၆လတစ်ခါကားပါမစ်ချပေးတာတွေ၊ဈေးနှုန်းသိန်းသောင်းဂဏန်းရှိတဲ့မြေကွက်တွေကိုအစိုးရဈေးသိန်းဆယ်ဂဏန်း၊ရာဂဏန်းစွန်းစွန်းလေးနဲ့ရောင်းချမှူတွေ၊ဆောက်လုပ်ရေးပစ္စည်းကအစအရာရာကိုအစိုးရဈေးနဲ့ပေါပေါလောလောလိုချင်သလောက်ရရှိမှုတွေအများကြီး၊ပြောရင်းဒေါသထွက်တယ်ဗျာ။
    ပြီးခဲ့တာတွေလည်းထားလိုက်ပါတော့၊ကျွန်တော်တို့နိုင်ငံမှာအဓိကလိုနေတာကတဖတ်နဲ့တဖတ်တွေ့ဆုံညှိနှိုင်းအဖြေရှာဖို့ပါဘဲ၊အာဏာရပါတီနဲ့အတိုက်အခံတွေမှာမည်သို့သောမူဝါဒတွေကွဲနေပေမဲ့နှစ်ဘက်စလုံးမှာတူညီတဲ့အချက်ကတော့အမိနိုင်ငံကိုချစ်မျက်နိုးမှုပါဘဲ။
    နှစ်ဘက်စလုံးမှရိုးသားမှုနဲ့နိုင်ငံချစ်စိတ်ကိုအရင်းခ၊ံအတ္တတွေလျှော့ပြီးပြဿနာတွေကိုဖြေရှင်းမယ်ဆိုရင်မအောင်မြင်နိုင်စရာမရှိပါ။
    တိုင်းရင်းသားလက်နက်ကိုင်တွေဟာလည်းလူမျိုးရေးအမြင်ကျဉ်းတာတွေဖျောက်သင့်ပါပြီ၊အစိုးရအနေနဲ့လည်းငါတကောမကောသင့်ပါ။
    ငါကဗမာကွ၊မွန်ကွ၊ရှမ်းကွ၊ရခိုင်ကွ၊ကရင်ကွ၊ကချင်ကွ၊ချင်းကွ၊ကယားကွဆိုတာတွေလုပ်မနေဘဲမိမိကိုယ်မိမိမြန်မာလို့သာသတ်မှတ်သင့်ပါကြောင်း......

    အားလုံးအားလေးစားပါတယ်..
    ၅၅၆

    ReplyDelete
  4. ကို comrade ပြောသွားတာလေးတွေ တော်တော် သဘောကျမိပါတယ်။ အထူးသဖြင့် "ဒီနေရာမှာ အောက်ခြေ အရာရှိများနဲ့ အောက်ခြေအခြားအဆင့်များကလည်း အရင် တပ်မတော်က အုပ်ချုပ်ခဲ့တဲ့ အချိန်တုန်းကလို အရပ်ဘက် အုပ်ချုပ်ရေးမှာ ဝင်စွက်ဖက်တာ၊ မလျှော်သြဇာသုံးတာတွေ မလုပ်မိကြဖို့ အရေးကြီးပါတယ်။ ဒီလို အရပ်ဘက် အုပ်ချုပ်ရေး ယန္တယားနဲ့ ကင်းအောင် နေနိုင်လာတာနဲ့ အမျှ ပြည်သူတွေဟာ အစိုးရနဲ့ တပ်မတော်ကို ခွဲခွဲခြားခြား မြင်တတ်လာပါလိမ့်မယ်။ အစိုးရ ကောင်းတာ၊ မကောင်းတာက တပ်မတော်နဲ့ မဆိုင်ဘူး ဆိုတာ
    နားလည်လာကြပါလိမ့်မယ်။ အစိုးရတွေက ရွေးကောက်ပွဲနဲ့ တက်လာကြပြီး (၅)နှစ်တစ်ခါ ရွေးကောက်ပွဲ ရလဒ်အတိုင်း ပြောင်းနေမှာပါ။ တပ်မတော်ကတော့
    ပြည်သူတွေ အတွက် အမြဲထာဝရ အားထားရာဆိုတဲ့ ယုံကြည်မှုမျိုး ရအောင် တည်ဆောက်ကြရပါမယ်။ ".... ဒါတွေဟာ ကျွန်တော်တို့လိုချင်တဲ့ တကယ့်အနှစ်တွေပါပဲ။ ကျွန်တော်တို့ဟာ ဖန်ခွက်ထဲမှာ ရေတဝက် ရှိတာကို "အာ... ရေကလဲ တဝက်ပဲ ရှိနေပါလား"ဆိုတဲ့အမြင်နဲ့ ကြည့်မလား၊ "ဟာ... ဖန်ခွက်ထဲမှာ ရေတဝက်ကြီးများတောင် ရှိတယ်"ဆိုတဲ့ အမြင်နဲ့ကြည့်မလား။ ဒါ အဓိကကျပါတယ်.. ကျွန်တော်တို့လို ခေါင်းဆောင်တွေအတွက် ပိုပြီး လိုအပ်ပါတယ်။ ကိုယ့်အမြင်၊ ကိုယ့်မှတ်ချက်၊ ကိုယ့်စကားပေါ်ကို မူတည်ပြီး ကိုယ့်လက်အောက်စစ်သည်တွေရဲ့ စိတ်ဓာတ်အင်အားတွေကို တိုးစေမြင့်စေနိုင်မှာဖြစ်ပါတယ်။

    လက်နက်တွေကိစ္စကလဲ ကို Comrade ပြောသလိုပါပဲ၊ အဓိက,က ဖွဲ့စည်းပုံ မပြည့်တာကြောင့်ပါ။ ဒါလေးတွေကို တဖြည်းဖြည်းနဲ့ အသေးစိတ် ပြုပြင်လာနိုင်ရင် ကောင်းသွားမှာပါ။ စစ်သည်တော်ကျင့်ဝတ်အပိုင်းကလဲ အမှန်ပါပဲ၊ ကိုယ်စီကိုယ်စီ အသိစိတ်ဓာတ်နဲ့ ထိန်းရမှာပါ။ ကိုယ်တတ်နိုင်သလောက် ကိုယ့်ပတ်ဝန်းကျင်ကိုလဲ အုပ်ထိန်းကွပ်ကဲ တည့်မတ်ပေးရမှာပါ... ဒီလိုအတွေးအမြင်နဲ့ အသိတွေ များများရှိလာဖို့ပဲ လိုအပ်ပါတယ်။ ကိုယ့်နယ်ပယ်အတွင်းကနေ ကိုယ်တတ်နိုင်သလောက် ကောင်းအောင် လုပ်သွားရင်းနဲ့ ကျွန်တော်တို့ရဲ့ အလုပ်အပေါ် ဂုဏ်ယူတတ်မှုအပြည့်နဲ့အတူ အားစိုက်ခွန်စိုက် ကိုယ်စီကိုယ်စီ လုပ်ကိုင်သွားကြမယ်ဆိုရင် ကျွန်တော်တို့တပ်မတော်ကြီးအတွက် အုတ်တချပ် သဲတပွင့်တော့ ဖြစ်တန်ကောင်းရဲ့မဟုတ်လားဗျာ။

    ReplyDelete