Saturday, June 25, 2011

ဟန်ချက်ညီညီ ပြောင်းလဲဖွံ့ ဖြိုးမှု

အောက်တွင် ဖော်ပြထားသော ဆောင်းပါသည် ဆောင်းပါးရှင်ကို unknownမှ ပေးပို့ထားသော ဆောင်းပါဖြစ်ပါသည်။မြန်မာ့တပ်မတော် တိုးတက်စေရေး အတွက် မည်သည့်ဘက်မှ ဘက်မလိုက်ဘဲ ဖော်ပြပေးသော ကြောင့် ဤဆိုက်တွင် တင်ခြင်းဖြစ်ပါသည်။


ကျွန်တော်တို့တပ်မတော်မှာ လိုအပ်နေတာတခုက "ဟန်ချက်ညီညီ ပြောင်းလဲဖွံ့ဖြိုးမှု"ပါ။ ဟုတ်ပါတယ်... ယခုလက်ရှိ ကျွန်တော်တို့တပ်မတော်ဟာ အရင့်အရင်တပ်မတော်တုန်းကလို (အရင့်အရင်ဆိုတာ ဟိုးအေ
ဝးကြီး BIA , BDA တပ်မတော်တွေကို ပြောနေခြင်းမဟုတ်ပါ၊ အနီးစပ်ဆုံးဖြစ်တဲ့ တရုတ်ဖြူကျူးကျော်စစ်ဖြစ်ခဲ့တုန်းက တပ်မတော်လောက်ကိုပဲ ဆိုလိုခြင်းဖြစ်ပါတယ်) အဲဒီတပ်မတော်လောက်ကိုပဲ ပြည်သူလူထုရဲ့ ကြည်ညိုမှု၊ အားကိုးမှု၊ ရင်းနှီးနွေးထွေးမှု၊ ထောက်ခံမှုတွေ မရတော့တာကို မိတ်ဆွေတို့လဲ တွေ့မြင်နိုင်မှာပါ။ ဒါတွေဟာ

(၁) အနောက်အုပ်စုရဲ့(ငွေကြေး၊စက်ကိရိယာ၊နည်းပညာ)ပံ့ပိုးမှုတွေ အားကောင်းကောင်းနဲ့ နေ့ညဥ့်မပြတ် နှစ်နဲ့ချီပြီး အဆက်မပြတ် ထုတ်လွှင့်နေခဲ့တဲ့ ပြည်ပအတိုက်အခံ လေလှိုင်းဋ္ဌာနတွေရဲ့ ဝါဒဖြန့်သွေးထိုးမှုတွေ...၊

(၂) မတစ်ထောင်သားဆိုသလို တပ်မတော်ရဲ့ စစ်သည်တွေထဲကမှ (စစ်သည်ဆိုတာ အရာရှိ၊အခြားအဆင့်အကုန်လုံးကို ဆိုလိုပါတယ်) အချို့အချို့သော စိတ်ဓာတ်၊ ပြုမူကျင့်ကြံမှု မမှန်ကန်ဖောက်ပြန်တဲ့ စစ်သည်တွေရဲ့ လုပ်ရပ်တွေကြောင့် အချို့သော ပြည်သူတွေထိခိုက်ခံစားခဲ့ရတာကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်ကလေးတွေ.. (ဒီဖြစ်ရပ်ကလေးတွေကို အထက်ပါ ဝါဒဖြန့်သတင်းဋ္ဌာနတွေအနေနဲ့ ပုံကြီးချဲ့အခွင့်အရေးယူကြတဲ့အလုပ်ကတော့ ကောင်းကောင်းကြီး လုပ်တတ်ကြပါတယ်.. ဒါကလဲ တော်တော့ကို အရေးပါ,ပါတယ်)...၊

(၃) မတတ်သာတဲ့ နိုင်ငံ့အရေးအခင်းတွေမှာ အဓိက တာဝန်ယူဦးဆောင်ခဲ့ရတဲ့ တပ်မတော်ရဲ့ပါဝင်ခဲ့ရမှုတွေ.. (အနီးစပ်ဆုံးကြည့်ရင် ရွှေဝါရောင်တော်လှန်ရေးလို့ သူတို့ဘာသာ နာမည်လှလှပေးထားကြတဲ့ ဘုန်းကြီးဆူပူမှု)..၊

နောက်ပြီး နောက်ဆုံးနဲ့အရေးအကြီးဆုံး အချက်တစ်ချက်ဖြစ်တဲ့...

(၄) လူတယောက်မှာဆိုရင် "ဥပဓိရုပ်"လို့ ခေါ်ဆိုနိုင်မယ့် တပ်မတော်ရဲ့ အဘက်ဘက်က နေထိုင်မှုတွေ...၊

ထိုသို့သောအကြောင်းအချက်တွေကြောင့်ပဲ တပ်မတော်ဟာ ပြည်သူလူထုကြားမှာ အရင်ကလို ထည်ဝါမှု၊ ထောက်ခံမှု၊ အားကိုးမှု... မရတော့၊ မရှိတော့တာလို့ ကျွန်တော် သုံးသပ်ချင်ပါတယ်။

ကျွန်တော် အသေးစိတ် ထပ်ဆွေးနွေးပါ့မယ်...။

နံပါတ်(၁)အချက်ဗျာ...။ ။ တခြားကိုမကြည့်ပါနဲ့၊ သစ်ငုတ်တိုတောင် ကြာကြာနှဲ့ရင် လှုပ်လာပါတယ်။ ပင်လယ်ထဲက ကျောက်ဆောင်တွေတောင် ရေတိုက်စားပါများတော့ ပြိုလဲပျက်စီးရသေးတာပါပဲ... လူဆိုတာက တစ်ခွန်းပြောရင် နားမဝင်၊ နှစ်ခွန်းပြောရင် နားမဝင်ချင်ပေမယ့် သုံးခွန်းမြောက်ကျတော့ "အင်း ဟုတ်များ... ဟုတ်များနေမလား" ဆိုတာက ဖြစ်လာတတ်တာ သဘာဝပါပဲ။ နိုင်ငံခြားက လေလှိုင်းဋ္ဌာနတွေက ၁ ခွန်း၊ ၂ ခွန်း၊ ၃ ခွန်းထဲ ပြောနေတာ မဟုတ်ပါဘူး။ သူတို့ရဲ့ထုံးစံအတိုင်း လက်ဖက်နည်းနည်းလေးကို ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ကြက်သွန်ကြော်၊ ကုလားပဲကြော်၊ မြေပဲဆံကြော်စတဲ့ အဆာပလာတွေနဲ့ စားကောင်းအောင် သုပ်ထားသလိုမျိုးပဲ... အမှန်နဲ့နီးစပ်သယောင်ရှိတဲ့ သတင်းအရင်းအမြစ်ကလေးကို အခြားသော သွေးထိုးစကားတွေ၊ သူတို့ဝါဒဖြန့်လိုတဲ့ ရည်ရွယ်ရင်းစကားတွေ၊ အကြောင်းအရာကလေးတွေနဲ့ မွမ်းမံပြီး နှစ်ရှည်လများ (နေ့၊ည ပုံမှန်) ထုတ်လွှင့်နေခဲ့တာ ဖြစ်ပါတယ်။

ထုတ်လွှင့်နေတာမှ အသံလွှင့်ဋ္ဌာနတစ်ခုထဲ မဟုတ်ပါဘူး... ၄ ခု ၅ ခုကနေ ဝိုင်းဝန်း Press ပေးသလို မြန်မာပြည်သူပြည်သားတွေရဲ့ ခေါင်းထဲကို နှစ်ရှည်လများ ရိုက်သွင်းနေခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့သတင်းတွေဟာ သူတို့အကြံအဖန်ထုထားတာတွေလဲ ပါသလို... တကယ်တပ်မတော်ရဲ့ အမှားတခုလောက် တွေ့လိုက်တာနဲ့ ပိုမိုထင်ရှားအောင် အကြီးချဲ့ သွေးထိုး၊ ရိုက်သွင်း၊ လှုံ့ဆော်၊ ထောက်ပြအော်ဟစ်ခဲ့ကြတယ်ဆိုတာ မိတ်ဆွေတို့လဲ သိကြမှာပါ။ ဒါတွေဟာ ကျွန်တော်တို့၊ မိတ်ဆွေတို့ ငယ်ငယ်ကထဲက ထုတ်လွှင့်နေခဲ့တာဖြစ်ပြီး အခုကျွန်တော်တို့ လူကြီးပိုင်းရောက်လို့ နိုင်ငံ့တာဝန်တွေလဲ ယူနေကြရပါပြီ.. သူတို့ရဲ့ အဲဒီတလျှောက်ထုတ်လွှင့်ခဲ့တဲ့ကာလ၊ အသက်ဆက်မှုအတိုင်းအတာအတွင်းမှာ ဘယ်လောက် တာခဲ့မလဲဆိုတာ မိတ်ဆွေတို့ တွေးကြည့်နိုင်ပါတယ်။ အစကတော့ စိတ်ဝင်စားချင်မှ စိတ်ဝင်စားမှာဖြစ်ပေမယ့် တပ်မတော်ရဲ့အမှားတစ်ခုမှာ ဒါတွေရဲ့ ထုတ်လွှင့်မှုတွေကို အဟုတ်ကြီးမှတ်ပြီး ယုံကြည်ကိုးစား၊ လက်ခံသွားကြတဲ့ ပြည်သူတွေ အများကြီးပါပဲ... အဲဒီပြည်သူတွေရဲ့ စိတ်ထဲမှာတော့ တပ်မတော်ဆိုတာ Negative ဖြစ်နေမှာပါ...။ ဒါ နံပါတ်တစ်အချက်ပါ။

နံပါတ်(၂)အချက်...။ ။ ဒီအချက်နဲ့ပတ်သတ်လို့ အရိုးရှင်းဆုံး ဥပမာတစ်ချက်ပဲ ပြောပါမယ်ဗျာ..။ "လက်တစ်ဖက်ထဲသော်မှ အတိုအရှည် မညီပါဘူး"။ ကျွန်တော်တို့ရဲ့ တပ်မတော်ကြီးဟာလဲ ရဟန္တာပုဂ္ဂိုလ်၊ သူတော်စင်တွေပုဂ္ဂိုလ်တွေ... ရိုးသားပြီး ဖြောင့်မတ်မှုအပြည့်ရှိတဲ့ လူတွေနဲ့ချည်း ဖွဲ့စည်းထားတာ မဟုတ်ပါဘူး။ အဲဒီလိုပြောလိုက်လို့ "မင်းတို့အားလုံး ဒီလိုတွေချည်းပဲ... အားလုံး လူယုတ်မာ၊ အားလုံး စစ်ခွေး၊ သူများနောက်လိုက်၊ ခေါင်းတော်ညိတ်၊ စိတ်တော်သိတွေချည်းပဲ"လို့တော့ လာပြောမယ်မကြံပါနဲ့...၊ အဲဒီလိုပြောတဲ့သူ အနားမှာရှိရင် ကျွန်တော့်ရဲ့ ရဲဘော်ရဲဘက် တပ်မတော်သား စစ်သည်အားလုံးကိုယ်စား ကျွန်တော်ကိုယ်တိုင် ထ,သတ်မိမှာဖြစ်ပါတယ်၊ လက်မခံနိုင်ပါဘူး။ ကျွန်တော်ကိုယ်တိုင် ဘယ်ပြည်သူတစ်ဦးတစ်ယောက်ကိုမှ ကျူးလွန်နှိပ်စက်စော်ကားမှု မရှိပဲ ဖြောင့်မတ်စွာ နေခဲ့သလို ကျွန်တော့်လို တပ်မတော်သားစစ်သည်တွေ အများကြီးပါ... ဝါးလုံးရှည်နဲ့ သိမ်းကျုံးရမ်းတာမျိုးကိုတော့ ဘယ်သူမှ လက်ခံနိုင်မှာ မဟုတ်ပါဘူး။ အချို့အချို့သော စစ်သည်(အရာရှိ၊ အခြားအဆင့်အားလုံးကို ဆိုလိုပါတယ်)တွေရဲ့ အမှားအယွင်းတွေ ရှိပေမယ့် တစ်ယောက်မကောင်း အများဆိုသလို ဒါဟာ တပ်မတော်ကြီးတရပ်လုံးရဲ့ Image ကိုပါ လာထိခိုက်ပါတယ်။ ဒါဟာ အထက်ကဆိုခဲ့တဲ့ အသံလွှင့်ဋ္ဌာနတွေ၊ အတိုက်အခံဆိုသူတွေအားလုံးရဲ့ အဓိကအားကိုးအားထားနေကြတဲ့ လက်နက်ကြီးတခုပါပဲ။

နံပါတ်(၃)အချက်...။ ။ ကျွန်တော်တို့နိုင်ငံမှာ သူများနိုင်ငံတွေလို အဓိကရုဏ်းနှိမ်နှင်းရေးအတွက် အထူးလေ့ကျင့်သင်ကြားပေးထားတဲ့ အထူးတပ်ဖွဲ့တွေ မရှိသေးပါဘူး။ ရဲတွေဆိုတာဟာလဲ နိုင်ငံတွင်းက အစိုးရတစ်ရပ်ကို စိန်ခေါ်လာတဲ့အထိ မင်းမဲ့ဆူပူမှုကြီးတစ်ရပ်ဖြစ်လာမယ့် ထကြွအကြမ်းဖက် လူအုပ်စုစည်းလာမှုတွေကို အဟန့်ကောင်းကောင်းဖြစ်သွားစေမယ့် ခေတ်မီလက်နက်ကိရိယာတွေ၊ သွင်ပြင်ဥပဓိတွေ ကောင်းကောင်း တပ်ဆင်ပေးထားမှုမရှိသေးပါဘူး...။ မြို့နယ်အလိုက် ရဲတပ်ဖွဲ့စခန်းတွေကို အသာထားလို့ စုစည်းမှုအင်အားကောင်းကောင်းရှိနေတဲ့ ရဲတပ်ရင်းကြီးတွေမှာတင်ကို ဆူပူမှုအဓိကရုဏ်းတစ်ခုအတွက် အဲဒီလို ခေတ်မီလက်နက်ကိရိယာ၊ ဖွဲ့စည်းပုံ ကောင်းကောင်းမရှိသေးပါဘူး။ သူများနိုင်ငံတွေမှာ အဲဒီလို အဓိကရုဏ်းတွေကို ဖြေရှင်းဖို့အတွက် သီးသန့်တပ်ဖွဲ့ ထားနိုင်တဲ့နိုင်ငံက သီးသန့်တပ်ဖွဲ့ ထားကြပါတယ်။ မထားနိုင်တဲ့ နိုင်ငံကတော့ ရဲတွေကိုပဲ အထူးသင်တန်းပေးပြီး ကိုင်တွယ်ဖြေရှင်းတဲ့နည်းလမ်းကို ကျင့်သုံးပါတယ်။

ဥပမာအနေနဲ့ပြောရရင် ဆူပူအုံကြွမှုတရပ်မှာ အတိုက်အခံဘက်က ပါလာတဲ့သူတွေဟာ.. မျက်နှာဖုံး၊ ဒူးကာ၊ တံတောင်ကာစသဖြင့် တကိုယ်လုံးစာ အပြည့်အစုံပါဝင်တဲ့ ကာကွယ်ရေးဝတ်စုံ၊ ကျည်ကာဒိုင်း၊ လက်ကိုင်တုတ်၊ ကျဉ်စက်၊ စပရေးစသဖြင့် လက်နက်ကိရိယာအပြည့်အစုံပါဝင်ပြီး Training ကောင်းကောင်းပေးထားတဲ့ တပ်ဖွဲ့ဝင်အင်အားတောင့်တောင့်တင်းတင်း၊ အဟန့်ဥပဓိကောင်းကောင်းနဲ့ ဖြိုခွင်းရေးတပ်ဖွဲ့တခုကို မြင်လိုက်တာနဲ့ အနည်းအကျဉ်းတော့ stress ဖြစ်သွားပါတယ်။ နိုင်ငံအတော်များများမှာ အဲဒီလို အထူးတပ်ဖွဲ့တွေကို အဓိကရုဏ်းတွေအတွက် သီးသန့်လေ့ကျင့် သင်တန်းပေးထားပါတယ်။ ရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့သက်သက်၊ အကြမ်းဖက်ဖြိုခွင်းရေးက အကြမ်းဖက်ဖြိုခွင်းရေးသက်သက်ပါ။ ကျွန်တော်တို့နိုင်ငံမှာ အဲဒီလိုတပ်ဖွဲ့မျိုး မရှိသေးတဲ့အတွက် အဓိကရုဏ်းတခုဖြစ်လာရင် ရဲတပ်ဖွဲ့က ကိုင်တွယ်ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီက ရဲတပ်ဖွဲ့ဟာ ဥပဒေချိုးဖောက်လို့ အပြစ်ပေးအရေးယူ စုံစမ်းထောက်လှမ်းရတဲ့နေရာမှာ ကျွမ်းကျင်တာ မှန်ပေမယ့် ဒီလိုဆူပူမှုကြီးတွေကို ထိန်းသိမ်းဖို့ရာမှာ အဟန့်လိုပါသေးတယ်။ လေးဂွလောက်၊ ဝါးရင်းတုတ်လောက်ကိုင်ထားတဲ့ ရဲတပ်ဖွဲ့တွေဟာ ဆူပူထကြွလာတဲ့လူအုပ်ကြီးကို ထိန်းသိမ်းဖို့(ခံစစ်)လောက်ပဲ တတ်နိုင်ပါမယ်၊ ဖြိုခွင်းပျက်ပြားစေဖို့(တိုက်စစ်)ကတော့ မစွမ်းသာပါဘူး။ ဒါကြောင့်အခြေအနေကို ထိန်းသိမ်းနိုင်ဖို့ လိုအပ်လာတယ်လို့ ယူဆရင် တပ်မတော်က ပါဝင်ကွပ်ကဲပါတယ်။

2 comments:

  1. ကို kong ခင်ဗျား... ကျွန်တော့်အနေနဲ့ ကိုယ်တာဝန်ထမ်းဆောင်နေရတဲ့ အမိတပ်မတော်ကြီးရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတဲ့ အကြောင်းအချက်ကလေးတွေကို
    ထုတ်နှုတ်ပြလိုက်ခြင်းသာဖြစ်ပါတယ်။ ကျွန်တော့်စိတ်ထဲမှာ ကျွန်တော့်အပေါ် အမိတပ်မတော်က ပေးအပ်လာမယ့် "အမိန့်နဲ့တာဝန်"ပဲ ရှိပါတယ်... မူပဲ ရှိပါတယ်၊
    လူမရှိပါဘူး... ကိုယ့်တပ်မတော်ကို ကောင်းစားစေချင်တဲ့ စိတ်စေတနာသာရှိပါတယ်... ဟိုလူ့ကို နာစေ၊ ဒီလူ့ကို သာစေလို့ မရှိပါဘူး... ကျွန်တော် ကာကွယ်ရမှာသည် ကျွန်တော့်နိုင်ငံသာဖြစ်ပါတယ်... ကျွန်တော် တာဝန်ထမ်းဆောင်နေရတာသည် ကျွန်တော့်တပ်မတော်အတွက်သာ ဖြစ်ပါတယ်။
    ဦးသန်းရွှေရယ်... ဦးမင်းအောင်လှိုင်ရယ်လို့ ကျွန်တော့်စိတ်ထဲမှာ မရှိသလို ဒေါ်စုကြည်ရယ်... NLD ရယ်လို့လဲ ကျွန်တော့် စိတ်ထဲမှာ လုံးဝ ထည့်နေမှာ မဟုတ်ပါဘူး။

    ကျွန်တော်ပြောထားတဲ့ နံပါတ် ၂ အချက်မှာ ရှင်းရှင်းလင်းလင်း ပါပြီးသားပါ... ကျွန်တော်တို့တပ်မတော်သားတိုင်း "လူကောင်း"တွေချည်း မဟုတ်ကြဘူး၊ အချို့အချို့ကြောင့် ပြည်သူတွေ နစ်နာမှုတွေ ရှိခဲ့ရတယ်ဆိုတာ...၊ ဒီ့ထက်ဆက်ပြီး ဘာတွေဘာတွေကြောင့် ဘယ်လိုတွေ နစ်နာခဲ့ရတယ်ဆိုတာ အကျယ်ချဲ့ပြောနေဖို့ ကျွန်တော် စိတ်မပါ,ပါဘူး... မသိလို့တော့ မဟုတ်ပါဘူး... ကျွန်တော်လဲ ဒီ field ထဲကလူပဲ.. အားလုံးကို သိပါတယ်။ ဆီကိုင်တဲ့လက်
    ဆီပေတယ်... ကျားကြီးရင် ခြေရာကြီးတယ်ဆိုတာ လူတွေအားလုံး သိနေကြတာပါပဲ၊ ဒါတွေဟာ သက်ဆိုင်တဲ့ကာယကံရှင်ရဲ့ ကိုယ့်ကျင့်သိက္ခာနဲ့ပဲဆိုင်ပါတယ်။

    သူကတော့ ဒီလိုရနေပေမယ်လို့ ငါ့ကျတော့ ဘယ်လိုဘယ်ဝှာဆိုပြီး မကျေနပ်တဲ့စိတ် ကျွန်တော့်မှာ မရှိဘူး၊ အဲဒီအကြောင်းအချက်တွေကို လုံးဝ(လုံးဝ)ကို စိတ်မဝင်စားလို့ပဲ ဖြစ်ပါတယ်။ ဒီလို အထက်နဲ့အောက် မကျေနပ်မှုတွေဟာ တပ်တွင်းတပ်မတော်သားတွေရဲ့ စိတ်ထဲမှာ မရှိသင့်မရှိနေအပ်တဲ့အရာတွေလဲ ဖြစ်ပါတယ်... လူတစ်ယောက်ဟာ သူ့နေရာမှာ နေနေသမျှ ကာလပတ်လုံး သူ့ကျင့်ဝတ်ကောင်းမှု၊ မကောင်းမှုပေါ်မူတည်ပြီး ခံစားစံစားနေရမှာပါ၊ အချိန်တန်လို့
    သူ့ကံဇာတာကုန်ရင်တော့ သူ ကျဆင်းရမှာ ဒါ ဓမ္မတာပါပဲ။ ဒါကို ထိုင်ပြီး မကျေနပ်နေရင် "တပ်တွင်း စည်းလုံးညီညွတ်မှု" တည်ဆောက်လို့ မရတာကလွဲလို့ ကျန်တာ
    ဖြစ်လာမှာ မဟုတ်ပါဘူး။ နောင် ကိုယ်အခြေအနေပေးလာရင် ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်လက်အောက်မှာ ဒီလို လူမျိုးတွေကို နေရာမပေးမိဖို့ပဲလိုပါတယ်။

    သေချာတာတခု ကျွန်တော် ပြောနိုင်တာက အဲဒီလိုလူတွေထဲမှာ ကျွန်တော် မပါသလို အဲဒီအတွက်ကြောင့်ပဲ ကျွန်တော့်တပ်မတော်ကို လာပြောရင်လဲ လက်ခံမှာ မဟုတ်ပါဘူး။ "လူသည်လူ... တပ်မတော်သည်တပ်မတော်သာ"ဖြစ်ပါတယ်၊ တပ်မတော်ကို လူကောင်းတွေနဲ့ချည်း ဖွဲ့စည်းထားတာမဟုတ်သလို
    လူယုတ်လူညံ့တွေနဲ့ချည်းလဲ ဖွဲ့စည်းထားတာ မဟုတ်လို့ ဘယ်သူတဦးတယောက် ကိုယ့်တပ်မတော်ကြီးတရပ်လုံးကို လာထိပါးပြောဆိုတာကိုမှ ကျွန်တော်
    လက်မခံနိုင်ရခြင်းဖြစ်ပါတယ်။ အဲ... တချက်တော့ ရှိပါတယ်... လူတယောက်သည် သူ့အပြောနဲ့အလုပ် ကိုက်ညီအောင် လုပ်ရပါတယ်၊ ဒါမှသာ သူ့တန်ဖိုးရှိမှာဖြစ်ပါတယ်။ အပြောချည်းပဲ ရှိပြီး လက်တွေ့လုပ်ပြနိုင်တဲ့အရည်အချင်း မရှိတဲ့လူမှန်သမျှ ကျွန်တော် လေးစားတဲ့လူစာရင်းထဲမှာ မပါသလို
    သူတို့ကိုလေးစားဖို့ အချက်ကလေးတစ်ချက်တောင် ဆွဲထုတ်စဉ်းစားလို့ မရတဲ့လူတွေသည်လဲ ကျွန်တော် လေးစားတဲ့လူစာရင်းထဲမှာ ပါနေမှာ မဟုတ်ပါဘူး။

    နောက်ပြီး ကိုယ့်အမိနိုင်ငံတော်ရဲ့ "အချုပ်အခြာအာဏာနဲ့ စည်းလုံးညီညွတ်မှု"ကို ထိပါးလာမယ့် လုပ်ရပ်တွေကို ကျွန်တော် လက်ခံနေမှာမဟုတ်သလို အဲဒီလိုထိပါးလာအောင် ပြုလုပ်နေတဲ့လူပုဂ္ဂိုလ်မှန်သမျှကိုလဲ ဘယ်အကြောင်းမျိုး၊ ဘယ်ဂုဏ်ဒြပ်မျိုးနဲ့မှ ကြည်ညိုလေးစားနေမှာ မဟုတ်ပါဘူး။ ကျွန်တော့်စိတ်ထဲမှာ ကိုယ့်ကိုယ်ကို ကောင်းအောင် လုပ်ဖို့၊ ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ့်တပ်မတော်၊ ကိုယ့်နိုင်ငံတော်ကို ကိုယ်တတ်စွမ်းသလောက် ကောင်းအောင်လုပ်ဖို့ဆိုတဲ့ စိတ်သာ
    ရှိပါကြောင်း...။

    ReplyDelete
  2. အခုလိုပြန်ဆွေးနွေးပေးလို့ကျေးဇူးတင်ပါတယ် ခင်ဗျာ...။

    ReplyDelete