အမည်ဆန်း

“စဗန်း” နှင့် “စဗေး” အမွှာညီနောင်အား ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး မကြာမှီအချိန်တွင် ဗမာ့ရေတပ်မတော်မှ ပြုစုခဲ့သည်။ အမှန်တော့ ထိုညီနောင်မှာ၊ ပြည်တွင်းသယ်ယူပို့ဆောင်ရေးဌာနတွင် မီးရှူးသန့်စင်ဖွားမြင်ခဲ့သည်။ လွတ်လပ်ရေး၏ ရန်ဆူးရန်ညှောင့် ပြည်တွင်းမောင်သောင်းကျန်းတို့အား နှိမ်နင်းရန် သူရဲကောင်းများ လိုလာသည့် အခါတွင်၊ သူတို့ညီနောင်အား ရှာဖွေတွေ့ရှိခဲ့သည်။ “စဗေး” ခမြာမှာတော့ မသမာသူ အတွင်းရန်ကြောင့် တိုင်းပြည် အတွက် အင်ပြည့်အားပြည့် မထမ်းဆောင်နိုင်မှီ ရေနစ်၍ ဆုံးရှုံးရရှာသည်။

အမည်ဆန်းသည့် “စဗန်း” ကတော့ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်းပင်၊ ရန်သူများအား ထိုအချိန်မှစ၍ ယခုထက်တိုင် နှိမ်နင်းလျက်ရှိသည်။ စဗန်း၏ သင်းရနံ့သည်၊ မြစ်ဝကျွန်းပေါ်တ၀ိုက်နှင့် ဧရာဝတီမြစ်တလျောက်တွင် ဖုံးလွှမ်းခဲ့သည်။ အပျို၊ အအို၊ လူငယ်လူကြီး ခလေးမှစ၍ သာသနာ့ဘောင်ဝင် ရဟန်းရှင်များပင်၊ စဗန်းအား မြင်ဖူးကြသည်။ စဗန်း မရောက်ဖူးသော ဒေသများကမူ ဋီကာချဲ့၍ထားသည့် သတင်းစာများကြောင့် စဗန်း၏ သတင်းကို ဖတ်ရှူခဲ့ကြရသည်။ စဗန်း ရောက်လျှင် မြို့တိုင်းမြို့တိုင်းမှ၊ မြို့သူမြို့သားများ အိပ်ရေးဝခဲ့သည်။ ကမ်းညွှတ်မျှ ကြိုဆိုခဲ့သည်။ အမြဲတန်းနေရန် တောင်းပန်ခဲ့ကြသည်။ စဗန်း ထွက်သွားမည်ကို စိုးရိမ်ခဲ့ကြသည်။ စဗန်း နေလို့တော့ ဘယ်လောက်နေနေ စိတ်ကြည်စွာ လက်ခံပါသည်ဟု ပြောခဲ့ကြသည်။ အမြဲနေရန်လည်း တောင်းပန်ခဲ့ကြသည်။ စဗန်း အလာကို မျှော်ခဲ့ကြသည်။ ဒီမြို့ ဒီမြို့တွေက တောင့်တသလောက်လဲ စဗန်းက ကူညီခဲ့သည်။ ကယ်တင်ခဲ့သည်။ စိတ်ချလက်ချ နေနိုင်အောင် ဖန်တီးခဲ့ပေသည်။ အမည်ဆန်းသလောက် ရန်သူအား နှိမ်နင်းရာတွင် ကြမ်းခဲ့သည်။ အမည်ဆန်းသလောက် အဖြစ်တွေကလည်း ဆန်းခဲ့ချေသည်။
လူထဲကလူ

စဗန်းမှာ လူထဲကလူမျှပင်ဖြစ်သည်။ စစ်ဝတ်စုံကိုဝတ်လျှက် လက်နက်စွဲကိုင်ကာ တိုင်းပြည်ရန်ကို နှိမ်နင်းနေသော စစ်သားများသည်၊ လူထဲကလူဘဲမဟုတ်ပါလား။ စဗန်းခမြာလည်း၊ စစ်ဝတ်စုံကိုဝတ်လျှက် လက်နက်စွဲကာ တိုင်းပြည်၏ ရန်ကို နှိမ်နင်းလျှက်ရှိသည်။ ဒါကြောင့်လည်း သူ့အား ခရီးသည်တင် မီးသင်္ဘောဘ၀မှ “မြစ်တွင်းတိုက်ရေယဉ် စဗန်း” ဟု ကင်ပွန်းတပ်ထားခြင်းခံရပေသည်။ အလျား ၁၀၂ ပေ၊ အနံ ၂၄-ပေ၊ ရေစူး-၅ ပေရှိ၏၊ တနေရာမှ တနေရာသို့ တနာရီ ရေမိုင်-၁၀ မိုင်နှုန်းနှင့် သွားလာနိုင်ရန် မြင်းကောင်ရေ ၁၆၀-အားရှိ ကရော့စလေ အင်ဂျင်တပ်ထားသည်။ သူမော်ကြွားနိုင်တာကတော့ သူ့တွင်တပ်ဆင်ပေးထားသည့် အော်လီကွန် စက်အမြောက်များ၊ စက်သေနတ်များ၊ မော်တာများ နှင့် အခြားလက်နက်များကြောင့်သာလျှင်ဖြစ်ခဲ့၏။ ကြွားလည်းကြွား၊ မော်လည်းမော် နိုင်ခဲ့ပေသည်။ သူ့အားနေသားတကျ အသုံးချလျှက်ရှိသော အရာရှိ ၃-ဦး နှင့် ရဲဘော် ၃၀-ကျော်တို့မှာလည်း သင်တန်းနှင့် ကိုယ်တွေ့ပညာများမှစ၍၊ သတ္တိ၊ ဗျတ္တိ၊ ဉာဏ၊ ကာယဗလတို့အပြင် လျှင်မြန်ဖြတ်လပ်မှု နှင့်လည်း ပြည့်စုံလျှက် ရှိသောကြောင့်သာ၊ ဤမျှကြွားနိုင်ခဲ့ပေသည်။ မော်နိုင်ခဲ့ပေသည်။

၁၉၄၈ ခုနှစ်မှစ၍၊ စဗန်းသည် တာဝန်ကြေပြွန်စွာထမ်းရွက်ခဲ့သည်။ တဗိုလ်ဆင်း၍တဗိုလ်သာတက်သည်၊ ရဲဘော်တွေသာပြောင်းရွှေ့သွားသည်၊ စဗန်းကတော့ ဘယ်သူနဲ့ဖြစ်ဖြစ် တာဝန်ကိုကြေပြွန်စွာ ထမ်းရွက်ခဲ့သည်။ စဗန်းအား တပ်မတော် (ရေတပ်) မှပြုစုခဲ့သည့်အချိန်မှစ၍ ယခုထိ ဦးစီးမှူးပေါင်း ၁၇-ယောက် နှင့် ဒု-ဦးစီးမှူးပေါင်း ၁၅-ယောက် လဲလှယ်၍တာဝန်ထမ်းယူခဲ့ကြသည်။ အချို့အရာရှိများမှာ ယခုအခါ နိုင်ငံခြားသို့ပင် သွားရောက် နေထိုင်လျှက် ရှိနေပြီ။ အချို့မှာ ရာထူးကြီးများ ချီးမြှင့်ခြင်းခံနေရပေပြီ။ အချို့မှာ တာဝန်ကြီးများကို ပေးအပ်၍ ထမ်းရွက်နေရပေပြီ။ အချို့မှာ တိုင်းပြည်အရေးကို အသက်စွန့်လျှက် ကာကွယ်ခဲ့ကြပေပြီ။ မည်သူမည်မျှ ရာထူးကြီးလာလာ အားလုံးကိုတော့ စဗန်းက သင်တန်း ပေးလိုက်ခြင်း ခံရသူများချည်း ဖြစ်ချေသည်။ ရဲဘော်များကိုလည်း ထိုနည်းတူစွာပင် သင်တန်း ပေးခဲ့သည်။ ရဲဘော်များ စည်းရုံးမှု၊ စိတ်ဓါတ်ကြံ့ခိုင်စေမှု၊ သတ္တိရှိမှု အားလုံးသည်၊ စဗန်း၏ သင်တန်းပေးမှုများသာ ဖြစ်ခဲ့သည်။

လူထဲကလူပင်ဖြစ်သော်လည်း စဗန်း၏ အောင်မြင်မှု သင်တန်းပေးနိုင်မှုတို့ကြောင့် ခေါင်းတလုံးတော့ ပိုခဲ့ပေသည်။
ယုံရဲ့လား

စဗန်း၏ အောင်မြင်မှုများမှာ၊ လွန်ကဲလှတော့သည်။ မြစ်တွင်း တိုက်ရေယဉ် အားလုံးထဲတွင်၊ စဗန်းက ပို၍ တိုက်ပွဲ အရည်အတွက်များခဲ့သည်။ စဗန်း၏ ဖြစ်စဉ်တိုက်ပွဲများ အကြောင်းရေးရလျှင်၊ ထမင်းစား ရေသောက် သာမန် အလုပ်များကို မှတ်တမ်းတင်သည့် ဒိုင်ယာရီသဖွယ် စိတ်ဝင်စားဖွယ်မရှိ၊ ပျင်းရိ၍လာတော့မည်သာဖြစ်သည်။

အဖြစ်တရပ်ကို မှတ်တမ်းတင်ချင်ပါသည်။ ထိုစဉ်က လူထုက သိမည်မဟုတ်၊ သိသူများလည်း ရှိကောင်းရှိခဲ့ပေမည်။ သို့သော်လည်း ထိုစဉ်အခါက မပြောသင့်ပေ။ ယုံကြည်ရန်ပင် မရှိခဲ့၊ ဒါပေမဲ့ နောင်သက်ဆိုင်ရာမှ ထုတ်ဖေါ်ပြောခဲ့သဖြင့် သိခဲ့ကြသည်။ အကြောင်းရင်း အဖြစ်မှန်ကို သိသော်လည်း၊ ထိုထဲတွင် စဗန်းသာ လူစွမ်းကောင်း ဖြစ်သည်ကိုတော့ သိသူရှားခဲ့သည်။

၁၉၄၈ ခုနှစ် ကုန်ခါနီး ရောင်စုံသောင်းကျန်းမှုများ မီးဟုန်းဟုန်းတောက်စဉ်၊ ဘဏ္ဍာရေး အခြေအနေ ကြပ်တည်းခဲ့သည်။ ငွေမရှိပေမဲ့ ဆန်တွေတပြည်လုံးတွင်ရှိခဲ့သည်။ ဆန်တွေကို ၀ယ်ယူမည့် တိုင်းပြည်တွေကလည်း ဒုနှင့်ဒေး ရန်ကုန်မြစ်တွင်းရှိ ပင်လယ်ကူး သင်္ဘောများပေါ်သို့ ဆန်ရောက်လျှင် ဘဏ္ဍာရေး တောင့်တင်းတော့မည်။ အစိုးရတွင် ကျန်နေသော တပြည်လုံးရှိ လခစားများ၏ တလစာငွေကို ဆန်နှင့် ထပ်မံဖြည့်တင်းရမည်။ ရောင်စုံ သောင်းကျန်းသူများအား နှိမ်နင်းရန် ပစ္စည်းများ ၀ယ်ရမည်။ ဒါပေမဲ့ မီးရထားလမ်းက သယ်ရန်မဖြစ်။ မြစ်လမ်းကလည်း တွံတေးတူးမြောင်းပင် မသုံးဝံ့။ ဟင်္သာတတွင်တော့ ဆန်တွေတောင်လိုပုံနေပေသည်။ ဒါတွေများ ရန်ကုန်ရောက်ခဲ့လျှင်--။

ဟင်္သာတမှ ဆန်အားလုံးကို သင်္ဘောတပ်ကြီးနှင့် သယ်နိုင်ခဲ့သည်။ ထိုသင်္ဘောတပ်ကြီးကို စဗန်းနှင့် အခြား တိုက်ရေယဉ်ငယ်တစင်းက ကာကွယ်လျှက်၊ ရန်ကုန်မြစ်အရောက်ပို့ခဲ့သည်။ တကဲ့အချိန်တွင် ဤစဗန်းပင် ကယ်ခဲ့သည်။ ဒါပေမဲ့ တိုင်းပြည်အတွက် စဗန်း နှင့် တိုက်ရေယဉ်မှ ရဲဘော်တစ်ယောက်စီကို စတေးလိုက်ရရှာသည်။

ဟင်္သာတမှ ရန်ကုန်အထိ အလပ်မရှိ ပစ်ခတ်ခဲ့သော ရန်သူကျည်ဆံများကြားမှ စဗန်းက ခုခံရင်း စောင့်ရှောက်ခဲ့သည်။ ရန်ကုန်မြစ်အရောက်ပို့ခဲ့သည်။
ငမိုးရိပ်

တကြိမ်က ရန်သူကျည်ဆံပေါက်များ ဖာထေးရန်၊ ပင်ပမ်းနွမ်းနယ်သည့်စက်များအား ပြင်ဆင်ရန် နှင့် စစ်ဝတ်စုံ အသစ် ၀တ်ဆင်ရန်၊ စဗန်းသည် ဒလ သင်္ဘောကျဉ်းသို့ တက်ခဲ့သည်။ ဒလမှ သံလျှင် နှင့် ဒဂုန်ကို နေ့စဉ် မြင်နေရသောကြောင့်၊ သံလျှင်ရာဇ၀င်ကို သတိရလာကြသည်။ ရေတွင် မိချောင်းသည် ရှင်ဘုရင် ဖြစ်ကြောင်း သတိပြုမိခဲ့သည်။ မိချောင်းတို့တွင်လည်း လူယောင်ဖန်ဆင်းနိုင်သော ငမိုးရိပ်သည် ဗိုလ်ဆွဲခဲ့ကြောင်း တွေးမိကြပြန်သည်။ ဒါကြောင့် စဗန်းအား ဆိုင်းမပါဗုံမပါ “ငမိုးရိပ်” ဟု ကင်ပွန်းတပ်လိုက်ကြသည်။ စဗန်း၏ဦးပိုင်း ကျည်ကာသံပြား တစ်ဖက်တစ်ချက်တွင် မာန်ထ၍ ပါးစပ်ဖြဲနေသော မိချောင်းခေါင်းပုံကို ရေးဆွဲစေလိုက်သည်။

စဗန်း သို့မဟုတ် ငမိုးရိပ်သည်၊ ယခင်ကထက် တိုက်ပွဲများကို ပါဝင် ဆင်နွှဲလာရတော့သည်။ သောင်းကျန်းသူ များလည်း အစွမ်းကုန်ကြဲသည့်အချိန်ဖြစ်နေသည်။ ငမိုးရိပ်မှာ အနားမနေခဲ့ရ၊ ရန်သူ၏ ချောင်းမြောင်း ပစ်ခတ်မှုများကို ပိုမိုခံလာရသည်။ လက်နက်ကြီးများ ထိမှန်လာရသည်။ ငမိုးရိပ်သည် တကြိမ်က သံလျှင်ရာဇ၀င်တွင် ထင်ရှားခဲ့သည်၊ ကျော်ကြားခဲ့သည်။ ဒါပေမဲ့ နောက်ဆုံး မလက်တိုနှင့် အပေါင်းအပါတို့ ၀ိုင်း၍တိုက်ခြင်းခံခဲ့ရသည်။ ယခု ငမိုးရိပ်လည်း ၀ိုင်း၍ခဲခြင်း ခံနေရသည်။ ရဲဘော်အတော်များများ၏ အသက်ကိုပေးလိုက်ရသည်။ ထို့ကြောင့်လည်း ငမိုးရိပ် နှင့် မိချောင်းရုပ်ကို ဖျက်ပစ်လိုက်ကြသည်၊ ဆေးသစ်နှင့် အထပ်ထပ်သုတ်ပစ်လိုက်ကြရသည်၊ မိချောင်းရုပ်ကိုပင် အဖေါ်မခံရဲ ဟု ပြောစမှတ်ပြုကြတော့သည်။
ဒိဗ္ဗစက္ခုဆရာကျော် နှင့် ရဲဘော် “သူရ” ဖီးလ်

စဗန်း၏ လက်ယာဖက် အော်လီကွန်စက်အမြှောက် အကြောင်းကို ရဲဘော်တိုင်း သိကြသည်။ ရန်သူ မရှိသည့် အချိန်တွင်ဖြစ်စေ၊ စက်အမြှောက်အား ဆီထည့်ဆေးကြောပြီးသည့် အခါတွင်ဖြစ်စေ၊ ထုံးစံအတိုင်း အစမ်း ပစ်ကြည့်လျှင် စက်အမြှောက်သည် စက်အမြှောက် မဟုတ်တော့ ဒိုင်း ကနဲ တချက်တည်းသာမြည်၍ ရပ်သွားလေ့ရှိသည်။ ဒါပေမဲ့ “ရန်သူ ဟေ့” ဟု အချက်ပေး ခေါင်းလောင်းထိုးပြီး ပစ်သည့်အခါများတွင်မူ တိုက်ပွဲအတွင်း အခြား အမြှောက်များသာ ပျက်သွားမည်၊ လက်ယာဖက် အော်လီကွန်ကတော့ ရန်သူ့နေရာကို တည့်တည့်မှန်မှန် အချက်ကျကျ ပစ်လျက်ရှိပေမည်၊ ဘယ်တော့မှ မရပ်၊ ဘယ်တော့မှ မပျက်တော့ချေ။

ဤအဖြစ်၏ အကြောင်းရင်းမှာ ယုံလိုကယုံနိုင်ပါသည်။ လက်ခံလိုက လက်ခံနိုင်ပါသည်။ အဖြစ်မှန်ကိုတော့ တင်ပြလိုပါ၏။ တကြိမ်က နိုင်ငံတော် ၀န်ကြီးချုပ် ဦးနု မြစ်ဝကျွန်းပေါ်သို့ လှည့်လည်လာစဉ် ဘိုကလေးမြို့သို့ ရောက်ခဲ့သည်။ စဗန်းကတော့ ၀န်ကြီးချုပ်၏ သင်္ဘောအား စောင့်ရှောက်ရင်းပါလာခဲ့သည်။ စဗန်းမှ ရဲဘော်များအား ၀န်ကြီးချုပ် ကိုယ်တိုင် မုန့်ဟင်းခါးကျွေးရင်း အတူပါလာသူ ဒိဗ္ဗစက္ခုဆရာကျော်အား ၀န်ကြီးချုပ်က စဗန်းကို အကာအကွယ်ပေးရန် ကြည့်ရှုစေခိုင်းခဲ့သည်။ အတိတ်ကို မသိသော ဆရာကျော်က စဗန်းအား ကြည့်လျှက် သင်္ဘောဦး တွင် အရပ်မြင့်မြင့် ကပြားတဦးရှိကြောင်း ပြောပြသည်။ ၄င်းကပြားသည် သင်္ဘောအား စောင့်ရှောက်လျှက် ရှိကြောင်း ဆက်လက်၍ မိန့်မြွက်တော့သည်။

ရဲဘော်တိုင်းပင် ယခင်ဦးစီးမှူး လက်ထက်က လက်ယာဖက် အော်လီကွန်စက်အမြှောက် ကျည်ကာကို ရန်သူ၏ ၂-ပေါင်ဒါ အမြောက်ဆံ ထိစဉ်က ကျဆုံး သွားရရှာသော ရဲဘော် “သူရ” ဖီး (လ်) အား သတိရကြသည်။

လက်ယာဖက် အော်လီကွန် အကြောင်းပြောလျှင် အိမ်မဲ၌ ဖြစ်ပျက်သည့် အဖြစ်တရပ်ကို ရေးရမည် ဖြစ်သည်။ အိမ်မဲမြို့ကို ရန်သူ့လက်မှ အခက်အခဲများစွာနှင့် ပြန်လည်သိမ်းပိုက်ပြီးနောက် ညစဉ်ညစဉ် ရန်သူ့ အော်လီကွန်သည် တိုက်ရေယဉ်များနှင့် မြို့တွင်းသို့ အဝေးမှ တချက်ကောင်း ပစ်ပစ်ပြေးလေ့ရှိသည်။ တညတွင် ချောက်လှန့်သော သဘောနှင့် လက်ယာဖက် အော်လီကွန်ကို ပစ်ခတ်စေရာ နံနက်တွင် ရန်သူ ၂-ယောက်အား ထိမှန်ကြောင်းနှင့် ၄င်းတို့ ကျန်ရစ်သည့် ပစ္စည်းများ သယ်၍ယူလာသော အရပ်သားများက ပြောပြသဖြင့် အံ့အားသင့်ကြရသည်။
မိန်းမလှကျွန်း

မိန်းမကျွန်းဆိုလျှင် လှေသမားတိုင်းလန့်ကြသည်။ သတိထားကြသည်။ စဗန်းကတော့ ဘာမှန်းမသိခဲ့သဖြင့် အဖြစ်ဆန်းများနှင့် ကြုံခဲ့ဖူးသည်။ နောက်တော့ တဆင့်စကားကြားကြရသည်။ တကြိမ်က စဗန်းသည် ရွေးကောက်ပွဲ တာဝန်များကို ကြိုးစားဆောင်ရွက်နေချိန်တွင် မိန်းမကျွန်းအနီး စက်ဆန်းမှ မဲပုံးများတင်၍လာသော ဘီ-အမျိုးအစား ဆွဲသင်္ဘော၏ နောက်မှ စောင့်ရှောက်ရင်း လိုက်ခဲ့သည်။ အချိန်ကလည်း နေ၀င်ချိန် မိုးကလည်းအေးသဖြင့် 'ဘီ' ဆွဲသင်္ဘောပဲ့တွင် ထွန်းထားသည့်မီးကို ကြည့်ရင်း နှစ်နာရီ ခရီးသာရှိသော ဘိုကလေးမြို့သို့ ရှေ့ရှုလျက် ခုတ်မောင်းတော့သည်။ ညနေဖက်က ချက်ထားသော ကြက်သားဟင်းနှင့် ထမင်းကို စားသူကစား၊ မိုးအေးသဖြင့် အအေးဓါတ်မှ ကာကွယ်ရန် ထုတ်ပေးထားသော (ရမ်) အရက်ကို သောက်သူများကလည်းသောက်၊ မိုးအေးသဖြင့် အဆွေးဓါတ်ကို မယ်ဒလင်တီးရင်း ဖြေနေသူများကလည်းဖြေလျက် ကိုယ့်အလုပ်နှင့်ကိုယ် ရှုပ်နေကြသလို၊ အရာရှိများမှာလည်း ဦးပိုင်းတွင် တာဝန် အသီးသီး ထမ်းဆောင်လျက် ရှိကြပေသည်။ စစ်သားတွေမို့လည်း စားချင်သလိုစား၊ သောက်ချင်သလိုသောက်၊ တီးချင်သလိုတီး၊ ပျော်ချင်သလိုပျော်၊ ပြောချင်သလိုပြော၊ ဘယ်သူမှ သတိမှလည်းမရ၊ ကြားဖူးနားဝရှိသူမျာူလည်းမပါ။ ယုံသူလည်းရှိ၊ မယုံသူလည်းရှိ ဖြစ်ခဲ့ကြသည်။ တဖြည်းဖြည်း မှောင်လာသည်နှင့်အမျှ ရှေ့မှ ဦးဆောင်သွားနေသော 'ဘီ' ဆွဲသင်္ဘော၏ မီးရောင်နှင့် ဝေး၍ဝေး၍ သွားတော့သည်။ ဒါပေမဲ့ စိုးရိမ်စရာမရှိ၊ စဗန်းသည် ဤလမ်းကို အခေါက်ခေါက်အခါခါ စုန်ဆန်ဖူးသည်။ မြစ်ခွဲလည်းမရှိ၊ တနေ့တလံ ပုဂံဘယ်မှ မပြေးနိုင်သကဲ့သို့ ဘိုကလေးမြို့လည်း ပြေးမလွတ်နိုင်။

သို့သော်လည်း ဘိုကလေးမြို့ ပြေး၍ပင်သွားပြီလော၊ ည ၈-နာရီတွင်လည်း မရောက်၊ ၁၀-နာရီတွင်လည်း မီးရောင်မတွေ့၊ သန်းခေါင်သို့ပင် ရောက်ချေပြီ။ စဗန်း၏ ဦးပိုင်းကတော့ ရေကိုဖေါက်ထွင်းလျက် သွားနေဆဲပင်၊ အရာရှိများ အခက်တွေ့လာသည်။ ထူးဆန်းသော သောင်တင်နေရော့သလားဟု တွေးတောလာရတော့သည်။ စဗန်း ကတော့ မှန်မှန်ပင် ခုတ်မောင်းနေဆဲ။ မဖြေနိုင်သော ပြဿနာဖြစ်သဖြင့် ထိုညမှောင်ထဲတွင်ပင် ကျောက်ဆူးချ၍ အသီးသီးတာဝန်ပေးလျှက် ရပ်နားတော့သည်။ နံနက်လင်းမှ ထသွားရန်စီစဉ်ကြရ၏။

အာရုဏ်တက်ပေပြီ၊ တကျွိကျွိနှင့် သမ္ဗာန်များပင်လာကြပေပြီ။ အချို့ဈေးသို့အရောင်းအ၀ယ်သွားကြမည်၊ အချို့ ထင်းခုတ်ရန် စုန်ဆင်းလာကြသည်။ သင်္ဘောထွက်ရန် အချက်ပေးစဉ်၊ ဦးစီးမှူး၏အမိန့်နှင့် သမ္ဗာန်တစင်းအား “ဘယ်သွားမှာလဲ”ဟု အော်မေးလိုက်ကြသည်။ အဖြေကတော့ မထူးလှ။ “စက်ဆန်းကိုတဲ့” အငြိမ်မနေနိုင်သော ရဲဘော်ကဆက်၍ “စက်ဆန်းက ဘယ်လောက်ဝေးသေးသလဲ”ဟု ဆက်မေးလိုက်သည်။
အဖြေကိုကြားရသော အရာရှိနှင့်ရဲဘော်များသည် တဦးမျက်နှာတဦးကြည့်ရတော့သည်။
“ဟိုရှေ့ကဟာ - စက်ဆန်း ဘဲတဲ့ -” သွားပါများသော်လည်း ခရီးမရောက်ခဲ့။
သွေးမှတ်တမ်း

လွတ်လပ်ရေးကို သွေးနှင့်ရင်းခဲ့ရသည်။ လွတ်လပ်ရေးရပြန်တော့ တည်မြဲရေးကို သွေးနှင့်ပင်ရင်းနေရသည်။ သွေးနှင့်လောင်းလျှက် အသက်ပေါင်းများစွာဖြင့် တည်ဆောက်ခဲ့သည့်ဗိမာန်ကြီး မပြိုလဲရန်အတွက် စဗန်း၏ ဘက်တော်သားများသည် သွေးနှင့်လောင်း၍ ပြည်တွင်းအညစ်အကြေးများကို ဆေးခဲ့သည်။ အသက်ပေး၍ ဗိမာန်ကြီးအား ကြံ့ကြံ့ခိုင်စေခဲ့သည်။

တပ်မတော် (ရေတပ်) တွင်းရှိ မြစ်ရေယဉ်၊ တိုက်ရေယဉ် အားလုံးထဲတွင် စဗန်းလောက် အသက်မပေးခဲ့ရ။ တာဝန်များကိုလည်း သူများထက် ထမ်းရွက်ခဲ့ရသည်။ အသက်ပေါင်းများစွာလည်း ဆုံးရှုံးခဲ့ရသည်။ စဗန်း၏ မှတ်တမ်းမှာ အမှန်တော့ သွေးမှတ်တမ်းသာ ဖြစ်ပါသည်။

သောင်းကျန်းသူများ၏ အညစ်အကြေးများကို သွေးနှင့်ဆေးပစ်လိုက်ရသော်လည်း ဆေးရကျိုးတော့ နပ်ပါသည်။ စဗန်းလောက် “သူရ” နှင့် “သူရဲကောင်းမှတ်တမ်းဝင်” ဘွဲ့တံဆိပ်များ ချီးမြှင့်ခံရသည့် ရေယဉ် မရှိခဲ့ပါ။ အမှန်တော့ စဗန်း သို့မဟုတ် ငမိုးရိပ် ကိုပင် တပ်ရင်းလိုက် ဘွဲ့ချီးမြှင့်သကဲ့သို့ “သီဟသူရစဗန်း” ဟုပင် ပေးသင့်ပေသည်။

စဗန်း ကယ်တင်ခဲ့သော ရွာ၊ မြို့နယ်များကား များလှတော့သည်။ ရွာသိမ်းတိုက်ပွဲ၊ မြို့သိမ်းတိုက်ပွဲ၊ နယ်သိမ်း တိုက်ပွဲများတွင် စဗန်းက ဦးဆောင်ခဲ့သည်။ ရန်သူနယ်မြေဖြတ်၍ ရေကြောင်းလမ်းသစ်ဖွင့်လျှင်လည်း စဗန်းကပင် ရှေ့မှ သွားခဲ့သည်။ ရန်သူ့အင်အား အကြီးဆုံးမြို့နယ်ကို အကဲစမ်းလျှင်လည်း စဗန်းသာ တာဝန်ယူခဲ့သည်။ ရှေ့မှ ခေါင်းဆောင်ခဲ့သဖြင့်ခဲ့လည်း ရန်သူ့ပစ်ကွင်းကို ဦးစွာသက်ဆင်းရသည်ချည်းဖြစ်သည်။ စဗန်း အဖို့ရာမှာတော့ မီးလောင်ထားသော ရွာများ၊ ဘုရားပျက်များ၊ ကျောင်းပျက်များနှင့် ရန်သူ၏ ရက်စက်ယုတ်မာမှုများကို အရင်ဆုံး တွေ့ရသည်၊ ကြားရသည်၊ မြင်ရသည်၊ မချိတင်ကဲဖြစ်ရသည်။

တိုက်ပွဲတွေကြားထဲမှပင် စဗန်းခမြာ ရန်သူသိမ်းထားသော သင်္ဘောများကို အခွင့်ရတိုင်း ပြန်၍ဆွဲခဲ့ရသည်။ သင်္ဘောငယ်များကို ပြန်လည် သိမ်းပိုက်၍ တွဲခဲ့ရလျှင်တော့ တော်ပါသေး၏။ ဆင်ကိုဆိတ်တွဲရသည့်အချိန်တွင် ရန်သူ့နယ်မြေ တလျှောက် လှိမ့်ခံ၍ ရေကြောင်းရှာရသည်။ ထိုအခါမျိုးတွင်တော့ စဗန်းခမြာ ကံကိုသာ တ, နေရပေသည်။

တဘက်က ရန်သူများ ဖျက်ဆီးထားသဖြင့် ခုတ်မောင်း၍ မရသော သင်္ဘောကြီးအား တအိအိတွဲလာစဉ် ရန်သူများက ၂-ဘက်ညှပ်၍ နှုတ်ဆက်လိုက်သည့်အခါများ၊ ရေမြှုပ်ဗုံးများကို ဖေါက်သည့်အခါများ၊ မြောတိုင်များ ထောင်ထားသည့် အခါများတွင်တော့ အသက်ရှုကြပ်လှသည်။

ဒီလိုအခက်အခဲမျိုးများလေလေ၊ စဗန်း၏ အပြုအမူ၊ အသွားအလာကတော့ လိမ္မာလေလေ၊ ကျည်ဆံကွင်း၍ ဘေးကင်းလေလေပင် ဖြစ်ခဲ့သည်။

ဘေးကင်းသည်ဟု ပြောရငြားလည်း တိုက်ပွဲတိုင်းတွင်တော့ ဘေးမကင်းခဲ့ပါ။ တဘက်နှင့်တဘက် အသေ အပျောက်မရှိဟု မည်သည့်စစ်ပွဲမှ မှတ်တမ်းမတင်နိုင်ခဲ့ပေ။ စဗန်းတွင်လည်း အထက်ဆိုခဲ့သည့်အတိုင်း အသက်တွေတော့ ပေးခဲ့ရပါသည်။

ပေးခဲ့ရသည့် အသက်တွေထဲတွင် ပုသိမ်နယ် သလပ်ခွာရွာသိမ်းတိုက်ပွဲကိုတော့ ၀မ်းနည်းစွာနှင့် သွေးမှတ်တမ်း တင်ထိုက်ပေသည်။ သလပ်ခွာရွာမှာ ပုသိမ်မြို့၏ အနောက်ဘက်တွင် တည်ရှိသည့် ရေကြောင်းဖြင့် သင်္ဘောနှင့်သွားလျှင် ပုသိမ်မြစ်ကို ၂၀-မိုင်ခန့် စုန်ဆင်း၍ သံတွဲမြစ်ကို မိုင် ၂၀-ကျော်ခန့် ဆန်တက်မှရောက်သည်။ ချောင်းကျဉ်းသည်၊ ရေတိမ်သည်၊ အကွေ့အကောက်များသည်။ ဘေးတဘက်တချက်မှ တောင်များ တောများသည် ရန်သူအား အကာ အကွယ် ကောင်းစွာပေးနိုင်သည်။ ရေကြောင်း မိုင် ၄၀-ကျော်ခန့် ဝေးသော်လည်း ကုန်းလမ်း သို့မဟုတ် မြောင်းငယ်များမှ သွားလာလျှင်တော့ ပုသိမ်နှင့် ၈-မိုင်ခန့်သာရှိသည်။ ပုသိမ်၏ မြောက်ဖက် ကျောက်ချောင်းကြီးသို့လည်း အလွယ် တကူသွားနိုင်သည်။

ကရင်သူပုန်များကတော့ သလပ်ခွာရွာကို ဌာနချုပ်လုပ်ထားခဲ့သည်။ လက်နက်မျိုးစုံနှင့် ခုခံရန် အသင့်ဖြစ်ခဲ့သည်။ ပုသိမ်နှင့်နီးသဖြင့် ပုသိမ် တဖက်ကမ်းအား လာရောက် ဒုက္ခပေးလေ့ရှိသည်။ ကျောက်ချောင်းကြီး မှတဆင့် ပုသိမ်မြစ်ကို ဖြတ်ကူး၍ ပုသိမ်နယ် အရှေ့ဖက်သို့ ၀င်နိုင်သည်။ သလပ်ခွာရွာမှာ ရန်သူတို့ သော့ချက်နေရာဖြစ်သည်။

၁၉၅၄ ခုနှစ် မတ်လ ၂၁ ရက်နေ့၏ နံနက် အာရုဏ်မတက်မှီ အချိန်လေးမှစခဲ့သည်။ တပ်မဟာ (၈) တပ်မင်း ကိုယ်တိုင်ဦးစီးလျှက် “အောင်” သင်္ဘောတပ်စုကြီးသည် ပုသိမ်မြစ်ကို စုန်ဆင်းခဲ့ပြီးနောက် သံတွဲမြစ်ကို ဆန်တက် လျှက်ရှိသည်။ ရှေ့ဆုံးမှ စဗန်း၊ စဗန်း၏ပဲ့တွင် တိုက်ရေယဉ် “၁၀၆” ဒီနောက်တော့ တပ်မင်းနှင့်တကွ တပ်ပေါင်းစုံကို တင်ဆောင်လာသည့် မြစ်ရေယဉ် ရွှေညောင်၊ ဆင်ဖြူ၊ ဇက်အမျိုးအစား သင်္ဘောနှင့် အခြားရေယဉ်များ နောက်ပိုင်း အကာအကွယ်ကို တိုက်ရေယဉ် “၁၀၇” က တာဝန်ယူလျက် တအိအိနှင့် ချီတက်လျက်ရှိစဉ် … … …

ကမ်းဘေးတဘက်တချက်မှ သာယာလှသော ငှက်သံကလေးတွေကလည်း တကြူကြူ သီဆိုလျက် ကြိုလင့်သည်။ နံနက်ပိုင်း လေနုအေးလေးကလည်း မျက်နှာပြင်ပေါ်သို့ ပက်ဖျန်းလျက်ရှိသည်။ နွေ၏ နေရောင်ခြည် ကတော့ တစတစ အစွမ်းပြချင်နေပေပြီ။
အရာရှိနှင့်ရဲဘော်များမှာတော့ တိုက်ပွဲတပွဲ ၀င်ရတော့မည်မို့ တပြုံးပြုံး၊ စဗန်းနှင့်အတူ ဆိုးခဲ့ဖူးသည်။ ကောင်းခဲ့ဖူးသည်။ သောင်တင်ခဲ့ဖူးသည်။ သင်္ဘောချင်းတိုက်ခဲ့ဖူးသည်။ အချက်ကောင်း ၀င်တွယ်သည်ကိုလည်း အမိခံရဖူးသည်။ ဒါပေမဲ့ နောက်ဆုံးတော့ စဗန်းကချည်း နိုင်ခဲ့သည်။ အောင်မြင်ခဲ့သည်။ ဒါကြောင့်မို့လည်း ဘာမှ မစိုးရိမ်ကြ။ သတိတော့ထားနေကြသည်။

သလပ်ခွာရွာနှင့် နီး၍နီး၍လာလေပြီ။ ကမ်းဘေးတဘက်တချက်ရှိ ကရင်သူပုန်များ၏ ကတုတ်များ၊ ကင်းတဲများကား စဗန်း၏ စက်အမြောက်အောက်တွင် ပျောက်၍ပျောက်၍ သွားလေပြီ။ စဗန်းက အလံတော် တ၀င့်ဝင့်နှင့် တဆင့်ဆင့်တက်နေသည်။ စဗန်း၏ ဦးစီးမှူး ဗိုလ်ကြီးတီဆက် (T. Sett) က ပဲ့ကိုင်ခန်းမ၏ ၀ဲဖက်၊ ဒု- ဦးစီးမှူး ဗိုလ်ကြီးမြင့်ကြည်က ယာဘက်တွင် ထိုင်လျက် ရန်သူအား အကဲခပ်နေကြသည်။ ရဲဘော်ခင်လတ်ကလည်း ပဲ့ကို ချောင်းအလိုက် မှန်မှန်ထိမ်းလျှက်ရှိနေသည်။ တပ်ကြပ်ကြီးစိုးမြင့် ကလည်း စက်ထိန်း အချက်ပြကရိယာ တာဝန်ကို ယူလျက်ရှိနေသည်။

အမြဲတန်းပျော်ရွှင်စွာနေလေ့ရှိသူ ဗိုလ်ကြီးတီဆက်မှာလည်း လေတချွန်ချွန်နှင့်ပင် ဤတိုက်ပွဲပြီးက ခွင့်ယူ၍ အနားယူရင်း ဇနီး၊ သားသမီးများတို့နှင့် အတူနေရမည့်အရေးကို တွေးလျက်ရှိနေသလို၊ ဗိုလ်ကြီးမြင့်ကြည် ခမြာမှာလည်း ကျန်ရစ်သူ အဖွားအို၏ အကြောင်းကိုတွေးတောလျက်ရှိနေကြဟန်တူပေသည်။ ရန်သူ့နယ်မြေ ဖြစ်သဖြင့် စကား မပြောကြဘဲ နေကြရသည်မို့ တိတ်ဆိတ်ခြင်းက မင်းမူနေပေသည်။

တရွေ့ရွေ့နှင့်ချီနေသည့် သင်္ဘောတပ်စုကြီးသည် လရောင်ရွာသို့ ချဉ်းကပ်ခဲ့ပေပြီ။ နောက်ပိုင်း အကာအကွယ် “၁၀၇” သည်လည်း ရေတွင်းချောင်းသို့ ရောက်ချေပြီ။

ထိုစဉ် - အကွက်စောင့်နေသော ရန်သူသို့သည် တချိန်တည်းပင် တိုက်ခိုက်လိုက်တော့သည်။ “၁၀၇” အား ရေတွင်းချောင်းမှ၎င်း၊ စဗန်းအား လရောင်ရွာ အနီးတောင်ကုန်းမှ၎င်း … … …

“၀ုံး” … … ဟူသော ဘဇူကာအသံသည် မီးခိုးတန်းကြီးနှင့် စဗန်းဦးခန်းအား ထိမှန်တော့သည်။ ရန်သူကား ကံကောင်းလေစွ။ ခဲတလုံးနှင့်ပင် ငှက်နှစ်ကောင်အား ဒီတချိန်တော့ ထိရရှာပြီ။ ၀ဲဘက် ကျည်ကာတိုင်ကို ထိလျက်၊ ယာဘက်သို့ ဘဇူကာကျည်ဆံ ထိမှန်ပေါက်ကွဲသဖြင့် ဗိုလ်ကြီးတီဆက်အား ကျည်စများမှန်လျက် ထိုင်ခုံမှကျစေသည်။ ဗိုလ်ကြီးမြင့်ကြည် ကတော့ ၀မ်းဗိုက်ကို ထွင်းဖေါက်သွားခြင်းခံရသဖြင့် နေရာတွင်ပင် တိုင်းပြည်အတွက်၎င်း၊ သူ စောင့်ရှောက်နေရသော အဖွားအိုအား၎င်း ပစ်ခဲ့ခါ အသက်ကို လှူသွားရရှာလေသည်။

ဗိုလ်ကြီးတီဆက် ကတော့ ၁၀-မိနစ်ခန့် စကားပြောနိုင်သော်လည်း အသက်မှန်မှန်ရှူလျက်ရှိသေးသည်။ ဒါပေမဲ့ နောက်ဆုံးတော့ စစ်သားတို့၏ သွားရာ ဗိမာန်သို့ ဖြောင့်ဖြောင့်တမ်းတမ်း လျှောက်သွားရှာသည်။
ဗိုလ်ကြီးတီဆက် သို့မဟုတ် ငယ်စဉ်ကပင် ခေါ်ခဲ့ကြသည့် ၀-ဆက် ကား ပျော်ပျော်နေတတ်သည်။ ၀-သလောက် ပေါ့ပါးသွက်လက်သည်။ သတ္တိရှိသည်။ သူဦးစီးသည့် သင်္ဘောများမှာ မကြာမကြာ ရန်သူ့လက်နက်ကြီးများ ထိခဲ့သည်။ ဒါပေမဲ့ မဖြုံ၊ မကြောက်။

ဗိုလ်ကြီးမြင့်ကြည်မှာလည်း ငယ်ရွယ်သူဖြစ်ပေမင့် ရိုသေကိုင်းရှိုင်းတတ်သည်။ ရုပ်ရည်နုနယ်ပေမင့်သတ္တိရှိသည်။ ကြိုးစားခဲ့သည်။ မိဘမဲ့ရှာသဖြင့် တဦးတည်းသော သူ၏ အဖွားအိုအား လုပ်ကျွေးရင်း တိုင်းပြည့်တာဝန်ကို ထမ်းနေရှာသူ ဖြစ်သည်။

သလပ်ခွာရွာကိုကား အောင်တပ်မတော်ကြီးမှ သိမ်းပိုက်နိုင်ခဲ့သည်။ ဘဇူကာနှစ်လက် နှင့် အခြား လက်နက်များ ကိုသိမ်းနိုင်ခဲ့သည်။ ရန်သူများ အကျအဆုံးများသည့်အပြင် လက်ရ သုံ့ပန်းများစွာမိခဲ့သည်။ စဗန်းကတော့ အရာရှိ နှစ်ဦးစတေးခံလိုက်ရသဖြင့် တပ်မတော် (ရေတပ်) ရာဇ၀င်တွင် ပဌမဆုံးကြိမ် အထိနာခြင်းဖြစ်ရပေသည်။ သွေးနှင့် မှတ်တမ်းတင်လိုက်ရပေသည်။

စဗန်းကတော့ အမည်ဆန်းသလောက် အဖြစ်လဲဆန်းခဲ့သည်။ ရန်သူနှိပ်ကွပ်ရာတွင်လည်း ကြမ်းခဲ့သည်။ အောင်မြင်မှုတွေလည်း လျှမ်းခဲ့ပေသတည်း။
(တပ်မတော် (ရေတပ်) မှ ကျဆုံးခဲ့ရရှာသော အရာရှိ နှင့် ရဲဘော်များအား အလေးပြုလျက် … … …)

စဗန်း၏ဦးစီးမှူးတဦး တင်ပြပါသည်။