စာဗူးတောင်းတိုက်ပွဲ
၁၉၄၉ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာပင် စာဗူးတောင်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲရခြင်းဖြစ်သည်။ သံချပ်ကာတပ်ခွဲမှ ဗိုလ်မှူးပက်ထရစ်ဖိုးလှ၊ ဗိုလ်မှူးသီလှ၊ ဗိုလ်မှူးတင်ကြည် တို့ဦးစီးပြီး စုစုပေါင်း (၃၁) ယောက်ဖြင့် ပါဝင်တိုက်ပွဲဝင်ခဲ့သည်။ တိုက်ယာဉ်များမှာ ရှားမင်း တင့်ကား (၂) စီး၊ စတူးဝပ် တင့်ကား (၆) စီး၊ ဘရင်းကယ်ရီယာ (၃၈) စီး၊ လူနာသယ်ယဉ် (၁) စီး တို့ပါဝင်ခဲ့သည်။ စာဗူးတောင်းရွာကြီးတွင် အခိုင်အမာ တပ်စွဲနေကြသည့် ကေအင်ဒီအိများကို ခြေလျင်တပ်၊ အမြောက်တပ်များနှင့်အတူ အကူသံချပ်ကာကားတပ်ခွဲ အနေဖြင့် ပူးပေါင်းတိုက်ခိုက်ရခြင်းဖြစ်သည်။ စုရပ်ဖြစ်သည့် လှည်းကူးမြို့အထွက် နံနက်အာရုဏ်တက်ချိန်တွင် ခြေလျင်တပ်များနှင့် ရင်ဘောင်တန်း ဖြန့်ခွဲချီတက်စေကာ အမြောက်တပ်မှပစ်ကူပေးပြီး ထုထည်ကြီးမားသော ကေအင်ဒီအိုကတုတ်များကို တိုက်ခိုက်ရခြင်းဖြစ်ပေသည်။ စာဗူးတောင်းရွာကြီးအထိ လမ်းတွင် တိုက်ပွဲ ၄ ကြိမ်ခန့် အပြင်းအထန်ဖြစ်ပွားပြီး ညနေပိုင်းမှာ စာဗူးတောင်းရွာကြီးကို သိမ်းပိုင်နိုင်ခဲ့သည်။

ထုံးကြီးတိုက်ပွဲ
၁၉၄၉ ခုနှစ် ဒီဇင်ဘာလ ထုံးကြီးတိုက်ပွဲသည်လည်း ကေအင်ဒီအို တို့နှင့် အပြင်းအထန်ဖြစ်ပွားသည့် တိုက်ပွဲတစ်ခု ဖြစ်ပေသည်။ သံချပ်ကာတပ်ခွဲမှ ဗိုလ်မှူးသီလှ၊ ဗိုလ်မှူးမောင်ငြိမ်း၊ ဗိုလ်ကြီးရဲဝင်း နှင့် အခြားအဆင့် (၄၆) ယောက် ပါဝင်ခဲ့ ကြသည်။ တိုက်ယာဉ်များမှာ ရှားမင်း တင့်ကား (၂) စီး၊ စတူးဝပ် တင့်ကား (၄) စီး၊ ဘရင်းကယ်ရီယာ (၂၀) စီး တို့ဖြစ်ပြီး သနက (၆) နှင့် စစ်ရဲတပ်ရင်းတို့ဖြင့် တွဲဘက်စစ်ဆင်ရခြင်းဖြစ်သည်။ ခြေလျင် နှင့် သံချပ်ကာတပ်ခွဲ ပူးပေါင်းစစ်ကြောင်းအဖွဲ့သည် ထုံးကြီးမရောက်မှီ ဘုရားတောင်ကုန်းတစ်ခုတွင် ရန်သူများကအပြင်းအထန် ခုခံနေသောကြောင့် သနက (၆) မှ တပ်စုတစ်စုခန့် ဒဏ်ရာရကျဆုံးဖြစ်နေပေသည်။ တင့်ကားနှင့်ကယ်ရီယာများမှာလည်း ပထမပိုင်းတွင် ကွင်းအပြင်ဘက်မှ လှုပ်ရှားကြည့်သော်လည်း မြေပြော့နေသဖြင့် တက်ရောက်နိုင်ခြင်းမရှိပေ။ နောက်ဆုံးတွင် ရွာသားတစ်ဦးကို လမ်းပြအဖြစ် အကူအညီတောင်းပြီးမှသာ တင့်ကားနှင့်ကယ်ရီယာများ ဘုရားတောင်ကုန်းပေါ်သို့တက်ပြီး သိမ်းပိုက်နိုင်ခဲ့ ပေသည်။ အချက်အချာမြေကို ရသောကြောင့်လည်း ရွာအတွင်းသို့ ၀င်ရောက်တိုက်ခိုက်ရန် ပြင်ဆင်ချိန်မှာပင် ရွာတွင်းမှ အလံဖြူများပြ၍ လက်နက်ချကြောင်းပြသဖြင့် အခုအခံမရှိဘဲသိမ်းနိုင်ခဲ့ပေသည်။

ဒိုက်ဦးတိုက်ပွဲ
ထုံးကြီးတိုက်ပွဲကို အောင်မြင်စွာဆင်နွှဲပြီးနောက် ပဲခူးမြို့ကို ဖြတ်ကျော်ကာ ဒိုက်ဦးမြို့၌ တပ်များစုစည်းရန်ဖြစ်သည်။ ရည်ရွယ်ချက်မှာ တောင်ငူလမ်းကြောင်းကို အလျှင်အမြန် ရှင်းလင်းပြီးဖွင့်ပေးရန်ဖြစ်သည်။ ထိုအချိန်အထိ သံချပ်ကာတပ်ဖွဲ့မှာ တပ်ခွဲအဆင့်မျှသာရှိသေးသည်။ အရာရှိများမှာ ဗိုလ်မှူးပီဖိုးလှ နှင့် ဗိုလ်မှူးသီလှ တို့ ဦးစီးလျှက် ရှားမင်းတင့် (အက်စ်-၁) (၁) စီး၊ ရှားမင်းတင့် (အက်စ်-၂) (၁) စီး၊ စတူးဝပ်တင့်ကား (၃) စီး၊ ဖို့ဆုံလည် (၀က်ကော်) (၁) စီး၊ ကယ်ရီယာ (၂၄) စီး စသည့်တိုက်ယာဉ်များဖြင့် ပါဝင်စစ်ဆင်ခဲ့ပေသည်။ ဒိုက်ဦးမြို့နယ် ရွှေအိမ်ဒုံလမ်းဆုံတွင် ကေအင်ဒီအိုများနှင့် ထိပ်တိုက်တွေ့ဆုံပြီး တိုက်ပွဲဖြစ်ပွားခဲ့သည်။ ၄င်းတို့ထံမှ သံချပ်ကား (၁) စီး နှင့် လက်နက်များ သိမ်းမိပြီး ၄င်းကားကို ပြုပြင်မွမ်းမံကာ ရွှေအိမ်ဒုံလမ်းဆုံတွင် ရရှိသည်ကိုအစွဲပြု၍ ရွှေအိမ်ဒုံဟု အမည်ပေးပြီး ပြန်လည်သုံးစွဲခဲ့သည်။ ၄င်းတိုက်ပွဲတွင် ရန်သူများဘက်က ခံကတုတ်များကောင်းမွန်ခြင်း၊ အင်အားများပြားခြင်းတို့ကြောင့် အရေးမလှဖြစ်ကာ လက်ခုတ်ကွင်းသို့ဆုတ်ခွာခဲ့ရသေးသည်။ ဒုတိယအကြိမ် အင်အားဖြည့်တင်း၍ ပြန်လည်တိုက်ခိုက်ရာ၌လည်း ဆုတ်ခွာရပြန်သည်။ ထို့ကြောင့် ကတုတ်ဘုရားကြီးတွင် ခြေကုတ်ယူ၍ သေနတ်ကိုင်တပ်ရင်း (၃)၊ (၆) နှင့် ချင်း (၁) တို့ဖြင့် ပူးပေါင်းကာ တန်ပြန်တိုက်ခိုက်သည့်အခါ လက်ခုတ်ကွင်းကို ပြန်လည်သိမ်းမိသည်။ (ဒု-တပ်ကြပ်စိုးမြင့် နှင့် တပ်သားညွန့်တင် တို့မှာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ရင်းဖြင့် ဒိုက်ဦးတိုက်ပွဲမှာပင် ကျဆုံးခဲ့ရသည်။) ဆက်လက်၍ ဒိုက်ဦးမြို့ကို ထိုးဖေါက်တိုက်ခိုက်ပြီး သိမ်းပိုက်အောင်ပွဲခံခဲ့သည်။ တပ်သားအောင်မြိုင် မှာ တိုက်ပွဲများ၌ စွန့်စွန့်စားစား ရဲဝံ့စွာ တိုက်ခိုက်မှုကြောင့် နိုင်ငံတော်မှ “သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်” ကို ချီးမြှင့်ခြင်းခံခဲ့ရပေသည်။

သံတောင် (တောင်ငူ) တိုက်ပွဲ
၁၉၅၀ ခုနှစ်တွင်ဆင်နွှဲခဲ့ရခြင်းဖြစ်ပေသည်။ သံတောင်ကိုချီတက်တိုက်ခိုက်ရာတွင် (၈) မိုင်တောင်ကုန်းမှ ကေအင်ဒီအိုများက အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့ကြသည်။ စတူးဝပ်တင့်ကား (၂) စီး၊ ကယ်ရီယာ (၁၂) စီး ပါဝင်ခဲ့ကြသည်။ ရန်သူများကလည်း လမ်းတစ်လျှောက်၌ သစ်တုံးကြီးများဖြင့် ပိတ်ဆို့ခုခံခဲ့ရာ စတူးဝပ်တင့်ကား (၁) စီးမှာ တိုက်ရင်းခိုက်ရင်းဖြင့် ဖြတ်ကျော်သော်လည်း မကျော်နိုင်ပဲစက်ရပ်သွားခဲ့သည်။ စက်ပြန်နှိုး၍ မရသောကြောင့် ၄င်းတင့်ကားကိုပင် ဘန်ကာသဖွယ် အသုံးပြုတိုက်ခိုက်ခဲ့ကြသည်။ ရန်သူများကလည်း (၁၇) ပေါင်ဒါအမြောက်ဖြင့်ဦးနှိမ် ပစ်ခတ်နေသဖြင့် မိမိဘက်မှ ရှေ့မတိုးနိုင်ဖြစ်ကာ တောင်ငူမြို့ နှင့် လေးမိုင်အကွာသို့ ပြန်ဆုတ်ခဲ့ရပေသည်။ စက်ရပ်သွားသော စတူးဝပ်တင့်ကားမှ တိုက်ယာဉ်အဖွဲ့သားများမှာ မှောင်ချိန်ကြမှ အမှောင်ထုကို အကာအကွယ်ပြု၍ ပြန်ဆုတ် ခဲ့ရပေသည်။ သံတောင် (တောင်ငူ) တိုက်ပွဲ၏ ထူးခြားဖြစ်စဉ် တစ်ခုမှာ တပ်ကြပ်ကြီးတင့်လွင် ဦးစီးသော တင့်ကားတစ်စီးသည် ရှေ့သို့ချီတက်တိုက်ခိုက်ရာ ရန်သူ၏ပြန်လှန်ပစ်ခတ်မှုကြောင့် တပ်ကြပ်ကြီးတင့်လွင်မှအပ တိုက်ယာဉ်အဖွဲ့သားအားလုံး ကျဆုံးခဲ့ရပြီး တပ်ကြပ်ကြီးတင့်လွင်က နောက်ပိုင်းသို့ စက်ဖြင့်ဆက်သွယ်ခဲ့ရသည်။ ၄င်းအားကယ်ထုတ်ရန် ကယ်ရီယာ (၁) စီး ချက်ချင်းလိုက်သွားခဲ့ရာ ရန်သူ၏ပြင်းထန်သော ပစ်ခတ်မှုကြောင့် ၄င်းကယ်ရီယာ တိမ်းမှောက်သွားခဲ့ ပြန်သည်။ ရန်သူကလည်း ၄င်းတို့ပစ်ကွင်းထဲသို့ အပိုင်ဝင်လာသောကြောင့် ပစ်ခတ်မှုများ အရှိန်ပိုမိုလာရာ သေနတ်သံ များမှာ သံတောင်မြို့ကိုပင် ဖုံးလွှမ်းနေခဲ့ပါသည်။ ထိုသို့သောအခြေအနေမျိုးတွင် တင့်ကားယာဉ်မောင်း တပ်ကြပ် အောင်မြိုင် မှ ၄င်း၏တင့်ကားကို ကျွမ်းကျင်စွာဖြင့် ရဲရဲဝံ့ဝံ့မောင်းနှင်ပြီး တပ်ကြပ်ကြီးတင့်လွင် နှင့် မှောက်သွားသည့် ကယ်ရီယာမှ အဖွဲ့သားများ၏ အသက်ကို ခဲရာခဲဆစ် အချိန်မှီ ကယ်တင်နိုင်ခဲ့ပေသည်။ ထိုသို့စွန့်စွန့်စားစား ရဲရဲဝံ့ဝံ့ လုပ်ဆောင်ကြောင့်လည်း “သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်” ကို ထမ်မံချီးမြှင့်ခြင်းခံခဲ့ရပေသည်။

ဟင်္သာတခရိုင်စစ်ဆင်ရေး
၁၉၅၀ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့တွင် ဟင်္သာတခရိုင်စစ်ဆင်ရေးကိုစတင်ခဲ့သည်။ ထိုစစ်ဆင်ရေးကို ဗိုလ်ကြီးသိန်းအောင် ဦးစီး အင်အား (၃၇) ယောက် နှင့် တင့်ကား (၄) စီး၊ ကယ်ရီယာ (၆) စီး၊ သံချပ်ကား (၃) စီး ဖြင့် ခလရ (၂)၊ ခလရ (၆) တို့နှင့်ပူးတွဲထမ်းဆောင်ခြင်းဖြစ်သည်။ ပေါက်တမ်းရွာ အလွန်တွင် တပ်သားထွန်းကြည် မောင်းနှင်သောကယ်ရီယာ မိုင်းထိရာ ၄င်း၏လက်တွင်ဒဏ်ရာရပြီး ခလရ (၆) မှ အရာရှိတစ်ဦး နှင့် အခြားအဆင့် (၆) ဦး ကျဆုံးသွားရပေသည်။ ရှေ့သို့ဆက်လက်ချီတက်ရာ ပန်းတောင်းကုန်းရွာကို ဆက်လက်သိမ်းပိုက်နိုင်ခဲ့သည်။ ထိုနောက် ရှားခဲရွာကိုချီတက်ရာ ၄င်းရွာမရောက်မှီ ကြိတ်တမ်းရွာထိပ်တွင် မိုင်းထိသောကြောင့် (သံမဏိ) အမည်ရှိ အပေါ့စား တင့်ကား (၁) စီး ပျက်စီးသွားပြီး တပ်ကြပ်ကြီးကျော်စိန်၊ တပ်သားခင်စိုး၊ တပ်သားစိုးတင့် တို့မှာ ဒဏ်ရာရသွားခဲ့သည်။ ဆက်လက်၍ ရှားခဲရွာသို့ ချီတက်တိုက်ခိုက်ခဲ့ရာ ခုခံမှုမရှိဘဲ သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် အထောင်ရွာသို့ ချီတက် တိုက်ခိုက်ရာ အထောင်ရွာမရောက်မီ ကျုံပတုတ် ချောင်းကူးတံတားတွင် မိုးထိမှန်ရာ (ကျားကြီး) အမည်ရှိ သံချပ်ကား (၁) စီး ပျက်စီးပြီး တပ်သားညိုမောင်၊ ဒု-တပ်ကြပ်ဒီဇူဇာ တို့ကျဆုံးခဲ့ရသည်။ နောက်တစ်နေ့တွင် ကျုံပျော်မြို့ အထိ ခုခံမှုမရှိပဲ သိမ်းပိုက်နိုင်ခဲ့သည်။