Thursday, July 28, 2011

တရားဝင်ဖခင်မရှိတဲ့ကလေး ..။(ရဲဘော်တာတေ)

တောင်ကိုးရီးယား နှင့် မြောက်ကိုးရီးယား နှစ်နိုင်ငံ ပြဿနာ ကြားတွင် စတေးခံခဲ့ရသော ဖြစ်ရပ်မှန် ဆောင်းပါးဖြစ်ပါသည်။

ကျနော် တိုက်ပွဲပေါင်းများစွာ ရင်ဆိုင်တိုက်ခိုက်ခဲ့ရပြီး ကိုယ့်ရဲဘော်တွေ ကျဆုံးတာတွေ၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရတာတွေ များစွာကြုံတွေ့ခဲ့ရသော်လည်း “တို့ပြည်သူ့တပ်မတော် သားတွေဆိုတာ ကိုယ့်တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ထိပါးရင်၊ ပြည်သူရဲ့ အသက် အိုးအိမ်စည်းစိမ်နဲ့ ဘ၀လုံခြုံရေးကို ထိပါးလာရင် ဒီလိုစွန့်လွှတ်စွန့်စားပြီး ကာကွယ်ရမှာပဲ”ဆိုပြီး ဖြေနိုင်ခဲ့ပေမယ့် .... ။

ဒီနေ့ ကျနော့်ရင်ထဲမှာ ပူလောင်နေတယ်။ ကျနော်မျက်လုံးအိမ်ထဲက မျက်ရည်တွေဟာ လဲ အလိုလို ကျနေတယ်။ တစ်သက်နှင့်တစ်ကိုယ် ဒီလို ကျနော်မခံစားခဲ့ဘူးတော့ အလွန်အမင်း တုန်လှုပ်မိတယ်။

သွေးမတော် သားမစပ်ဘူးဆိုပေမယ့် ဒီကလေးက ကျနော်လက်ပေါ်မှာ ကြီးခဲ့ရတာမို့ အနေနီးစပ်လို့ ဒီလိုခံစားရတာလားလို့ ကျနော့်ကိုယ်ကျနော် ပြန်မေးခဲ့တယ်။ မဟုတ်ပါဘူး၊ အဖြစ်အပျက်ရဲ့ အခြေခံသဘောချင်းက ကွာခြားတယ်။ သူ့ကို မမွေးခင်ကတည်းက ဖခင် ဖြစ်သူက တိုင်းပြည်ရဲ့ဂုဏ်သိက္ခာကို သူ့အသက်နဲ့ လဲပေးသွားခဲ့တယ်။ ကြမ်းတမ်းတဲ့ လောကဓံကို ရင်ဆိုင်ဖြတ်သန်းရင်း ရရှိလာတဲ့ နှလုံးရောဂါကြောင့် သူ့ကိုမွေးပြီးပြီးချင်း သူ့အမေ က ဆုံးသွားခဲ့ပြန်တယ်။ ပြောရမယ်ဆိုရင်တော့ သူ့အဖေနဲ့ သူ့အမေကို သူ မမြင်ဖူးလိုက်။

ဒီလို့နဲ့ ကျနော့်ကို သူ့အဖေထင်ပြီး နေလာခဲ့တယ်။

ပြဿနာစတွေ့တာ သူ့အသက်ငါးနှစ်ပြည့်လို့ ကျောင်းအပ်တဲ့အခါ ဆရာမက “ဖခင် အမည်” လို့ မေးတယ်။ ကျနော်က “ဦးသိန်းနိုင်”လို့ ဖြေလိုက်တော့ ကျနော့်အမည် မောင်မောင် အောင်ဆိုတာ သူများတွေခေါ်တာ သူကြားပြီးသိနေတော့ သူက၀င်ပြီး “ဦးမောင်မောင်အောင်” ပါလို့ ၀င်ပြောတယ်။ ဒါနဲ့ ကျနော်က သားကို နောက်မှရှင်းပြမယ်နော်လို့ ပြောလိုက်တော့ မျက်လုံးလေး ကလယ်ကလယ်နဲ့ ငယ်သေးတဲ့ကလေးဆိုတော့ မေ့မေ့ပျောက်ပျောက် ဖြစ်သွား တယ်။

ကျောင်းကပြန်လာတော့ တခြားကလေးတွေကို သူတို့အမေတွေ လာကြိုတာ သူတွေ့ တော့ “ သားမေမေ ဘယ်မှာလဲ၊ သားတို့နဲ့ ဘာဖြစ်လို့အတူမနေတာလဲ”လို့ မေးပြန်တယ်။ ကျနော်လည်း ဘာဖြေရမလဲ မစဉ်းစားတတ်တော့တာနဲ့ “သားမေမေက ဟိုးအဝေးကြီးမှာ သားအတွက် ပိုက်ဆံတွေ သွားရှာနေတာ၊ ပြန်လာတော့ သားတွေ့ရမှာပေါ့” လို့ ပြောထား လိုက်ရတယ်။

မူလတန်းကျောင်းသားအရွယ်မှာ ဖုံးထားလို့ရပေမယ့် အလယ်တန်းကျောင်းသား ဖြစ်လာတော့ ဖုံးထားခဲ့သမျှ အားလုံးပေါ်ကုန်တော့တာပါဘဲ။ အဲဒီနေ့က သူ့အသက် (၁၃)နှစ်၊ ခုနှစ်တန်းတက်နေတဲ့အချိန်၊ သူတို့ကျောင်းကို (လ၀က) စီမံချက်နဲ့ အသက် (၁၀)နှစ်ပြည့် မှတ်ပုံတင်လာလုပ်ပေးတော့ ပုံစံ(၇) ဖြည့်တဲ့အခါ မိဘ၊ အဖိုးအဖွား အားလုံးသူသိသွားတယ်။

သူ့ဘ၀ဖြစ်စဉ် သူ့ကို ပြောပြဖို့ ငိုပြီးတောင်းဆိုလာတယ်။ ဒါနဲ့ ကျနော့်စာအုပ်သေတ္တာ ထဲက ၁၉၈၃ ခုနှစ် ဒိုင်ယာရီကိုရှာပြီး သူ့အဖေနဲ့ သူ့အမေအကြောင်း ရေးထားတဲ့ စာရွက်တွေကို ဖြုတ်ပြီး ပေးလိုက်ရတယ်။ ပြည့်ပြည့်စုံစုံပြောပြပါလို့ ထပ်တောင်းဆိုလာတာကို သနားတာနဲ့၊ ဒီလိုကွ ...

၁၉၈၂ ခုနှစ်မှာ ရန်ကုန်တိုင်း၊ သန်လျှင်မြို့မှာရှိတဲ့ ခလရ (၉၀) ကို တာဝန်နဲ့ ရောက် သွားတော့ အဲဒီမှာ မောင်သိန်းနိုင်ဆိုတဲ့ ရဲဘော်လေးတစ်ယောက်နဲ့ ဆုံခဲ့တယ်။ သူက လူငယ်လဲ ဖြစ်၊ လူပျော်လဲဖြစ်၊ ချောလဲချောဆိုတော့ သူ့ကို အားလုံးကချစ်ကြတယ်။ မိန်းကလေးတွေလဲ ပါတာပေါ့။ အဲဒီအထဲမှာ တပ်ခွဲ တပ်ကြပ်ကြီးတစ်ယောက်ရဲ့သမီး သန်းသန်းဆွေ ဆိုတဲ့ ကောင်မလေးနဲ့ သူ လူငယ်ချင်း မေတ္တာမျှခဲ့ကြပြီးနောက် ၁၉၈၃ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာဘဲ ‘လေးမာန်အောင်’ စစ်ဆင်ရေးနဲ့ ရှမ်းပြည်တောင်ပိုင်းကို ရှေ့တန်းထွက်ခဲ့ရတယ်။

ရှေ့တန်းကို ရောက်ပြီး သုံးလအကြာ လစာပေးအဖွဲ့လာတော့ သန်းသန်းဆွေ ရေးလိုက်တဲ့စာထဲမှာ သူ့မှာ ကိုယ်ဝန်ရှိနေပြီလို့ ဆရာဝန်ကပြောတယ်။ အဲဒါ လက်ထပ်ခွင့်တင်ဖို့ အမြန်ဆုံးလုပ်ပေးဖို့ ပါတယ်။ ဒါနဲ့ ရဲဘော်သိန်းနိုင် တပ်ခွဲမှူးကို သတင်းပို့တင်ပြတယ်။ တပ်ခွဲမှူး ကလဲ သူထောက်ခံပေးမယ်လို့ ကတိပေးတယ်။ ဒါပေမယ့် ခက်နေတာက အားလုံးက ရှေ့တန်း မှာ ရောက်နေတယ်ဆိုတော့ ရှေ့တန်းကပြန်မှဘဲ အမြန်ဆုံးဖြစ်အောင် စီစဉ်ပေးမယ်လို့ တပ်ခွဲမှူးက ပြောတယ်။

နောက်သုံးလလောက်ကြာတော့ ခလရ (၇၀) လာချိန်းတာကြောင့် နောက်တန်းကို ပြန်ရပေမယ့် ကုသိုလ်ကံက မကောင်းဘူး။ တပ်ရင်းမှာ (၅) ရက်သာ အနားရပြီး လွှတ်တော် လုံခြုံရေးဆိုပြီး ရန်ကုန်ကို ပြန်ထွက်ရပြန်တယ်။ အဲဒီအချိန်မှာ ရဲဘော်သိန်းနိုင်နဲ့ သန်းသန်းဆွေ တို့အပြင် လူ့လောကထဲကို မရောက်သေးတဲ့ သန်းသန်းဆွေလွယ်ထားတဲ့ ဗိုက်ထဲက ကလေးရဲ့ ဘ၀၊ အဲဒီဘ၀သုံးခုဟာ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားဆိုတဲ့ ကျွဲနှစ်ကောင် ခတ်တဲ့ကြား မှာ မြေဇာပင်ဖြစ်ခဲ့ရတဲ့အကြောင်းကတော့ ....

၁၉၈၃ ခုနှစ်၊ အောက်တိုဘာလ (၈)ရက်နေ့မှာ မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်အရ တောင်ကိုရီးယားနိုင်ငံ သမ္မတကြီး ချန်ဒူးဝန်နဲ့ ၀န်ကြီးတချို့ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ် အလည်ရောက်လာခဲ့တယ်။ အောက်တိုဘာလ (၉)ရက်နေ့မှာ ဧည့်သည်တော် တောင်ကိုရီးယား သမ္မတကြီးနဲ့ ၀န်ကြီးအဖွဲ့ဟာ အာဇာနည်ခေါင်းဆောင်ကြီးများကို ဂါရ၀ပြု ပန်းခွေချဖို့ အာဇာနည်ကုန်းကို သွားတယ်။ အဲဒီမှာ တောင်ကိုရီးယားသမ္မတကြီးကို လုပ်ကြံဖို့ မြောက်ကိုရီး ယားအစိုးရက လွှတ်လိုက်တဲ့ ကွန်မာန်ဒို (၃)ဦးက ဗုံးခွဲတိုက်ခိုက်တာကြောင့် တောင်ကိုရီးယား သမ္မတကြီး လွတ်မြောက်ခဲ့သော်လည်း ၀န်ကြီး (၄)ဦး၊ အဖွဲ့ဝင် (၁၃)ဦး၊ မြန်မာ (၄)ဦး သေဆုံး သွားခဲ့တယ်။

အောက်တိုဘာလ (၁၀) ရက်နေ့မှာ အကြမ်းဖက်ဖေါက်ခွဲရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးအဆင့် ဇင်မိုကို ပုဇွန်တောင်ချောင်းထဲမှာ ဖမ်းဆီးရခဲ့ပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ် ဌာန ခွဲစိတ်ခန်း အနီးကပ်အထူးလုံခြုံရေး တာဝန်ယူခဲ့ရပြီး အောက်တိုဘာလ (၁၁) ရက်နေ့ မနက် (၁၀) နာရီလောက်မှာ အဲဒီ မြောက်ကိုရီးယားဖေါက်ခွဲရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးဇင်မို ကို အမှတ်(၂) တပ်မတော်စစ်ဆေးရုံကြီးသို့ ပို့ပေးပြီး ကန်တော်မင်ပန်းခြံအတွင်းရှိ အမှတ်(၁) စစ်ဗျူဟာရုံးကိုရောက်တော့ ရန်သူ့သတင်းကြေးနန်းဝင်နေတယ်။ ရဲဘော်တွေ တန်းစီထားပါ ဆိုတဲ့ အမိန့်က ဆီးကြိုစောင့်နေတယ်။ ခဏကြာတော့ အသေခံကွန်မန်ဒို (၁၀)ယောက် ရွေး၊ ကားပေါ်တက်ခိုင်းပြီး ဒလကြမ်းမောင်းထွက်ခဲ့တယ်။ ပြီးတော့ မင်္ဂလာဒုံ (၅၀၂) လေတပ် လေယာဉ်ကွင်းကိုရောက်တော့ ရန်ကုန်တိုင်း ဒုတိယစစ်တိုင်းမှူး ဗိုလ်မှူးကြီးမျိုးညွန့် (န၀တ လက်ထက် ဒုတိယဗိုလ်ချုပ်ကြီးမျိုးညွန့်၊ သာသနာရေးဝန်ကြီး)၊ အမှတ် (၁) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ညီစိန်၊ ခလရ (၉၀) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အုန်းမြင့်၊ ခလရ (၉၀) ထောက် လှမ်းရေးအရာရှိ ဗိုလ်ကြီးကျော်စိုးနဲ့ တွေ့တယ်။ ဒုတိုင်းမှူး ဗိုလ်မှူးကြီးမျိုးညွန့်က “ရဲဘော်တို့ အခု ရန်သူကို သွားရှာရမယ်။ ရှာတဲ့အခါမှာ ဆူးတွေ့လဲနင်း၊ ကျားတွေ့လဲတိုး၊ မြေကြီး တစ်လက်မ မကျန် တောနင်းရှာဖွေပါ။ တွေ့ခဲ့ရင် အရှင်ရအောင်ဖမ်းပါ။ တို့တိုင်းပြည်ရဲ့ ဂုဏ် သိက္ခာ ပြန်ဆည်ဖို့ တို့ရဲဘော်တွေရဲ့ အသက်တွေ စတေးရင်လဲ စတေးရမယ်။ ဒါပေမယ့် ရန်သူဒဏ်ရာရတာ မလိုချင်ဘူး” အမိန့်ပေးပြီး ရဲဘော်တွေရဲ့ အမည်၊ ကိုယ်ပိုင်အမှတ်၊ သွေးအုပ်စု၊ တိုက်ပွဲမှာ ကျဆုံးခဲ့ရင် - အမွေစားမွေခံ ဘယ်သူ့ကိုပေးမယ်၊ ပထမဦးစားပေး ဒုတိယဦးစားပေး စတာတွေ မှတ်တမ်းမှာဖြည့်ကာ ရဟတ်ယာဉ်ပေါ်တက်ပြီး ထွက်တယ်။ ရွှေတိဂုံဘုရားကြီးကို သုံးပတ်ပျံသန်းပေးပြီး ဘုရားကို ၀တ်ပြုစေတယ်။ ပြီးမှ ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ သခွတ်ပင်ကျေးရွာနဲ့ အနီးဆုံး တာရိုးကြီးပေါ်ဆင်းဖို့ ရဟတ်ယာဉ်ကို နှိမ့်လိုက် တာနဲ့ စပါးပင်တွေအကုန်လဲတာကြောင့် လေထဲမှာဘဲရပ်ပေးပြီး ရဲဘော်တွေကို ခုန်ဆင်းစေ ခဲ့တယ်။

ရဲဘော် (၁၀) ယောက် မြေကြီးပေါ်ရောက်တာနဲ့ စစ်တပ်ရဲ့ထုံးစံအတိုင်း သခွတ်ပင်ရွာ ထဲကို ရှင်းလင်းဝင်ရောက်တော့ ရန်သူက မရှိတော့ဘူး။ ရွာအပြင် လယ်ကွင်းတွေဖက် ထွက် သွားကြောင်း သတင်းအရ ရွာအပြင်ကိုထွက်၊ လယ်ကွင်းတွေထဲမှာ ရင်ဘောင်တန်း ဖြန့်ပြီး ရှာတယ်။ မိုးသာချုပ်သွားတယ်။ ရန်သူ့အရိပ်အယောင်ကို မတွေ့ရသေးဘူး။ ဒါနဲ့ လယ်ကွင်း စပ်မှာ ရွာကပေးတဲ့ ထမင်းထုပ်ကို စားပြီး ငုတ်တုတ်မိုးလင်းခဲ့ရတယ်။

အောက်တိုဘာလ (၁၂) ရက်နေ့ မနက်အလင်းရောင်ရတာနဲ့ လယ်ကွင်းထဲ ထပ်ပြီး ရှာတယ်၊ မတွေ့ဘူး။ ပြီးတော့ ကမ်းစပ်က ခရားတောကို တောနင်းပြီးရှာတယ်။ အဲဒီတော့မှ ရေဆင်းမြောင်းထဲမှာ ဗေဒါတွေနဲ့ဖုံးအုပ်၊ မျက်ကွယ်ယူထိုင်နေတဲ့ မြောက်ကိုရီးယား အကြမ်း ဖက် ဖေါက်ခွဲရေးသမား ဗိုလ်ကြီးအဆင့်ရှိသူ ကင်မင်ချူးကို တွေ့လိုက်ရတယ်။

ဒီတော့ ဒုတိုင်းမှူး ဗိုလ်မှူးကြီးမျိုးညွန့်ရဲ့ အမိန့်အတိုင်း ရင်ဘောင်တန်းဖြန့်ထားတဲ့ ရဲဘော်တွေရဲ့ ဘယ်အစွန်က သုံးယောက်ကို အသင့်ပြင်ဖို့ တပ်စိတ်မှူးက အမိန့်ပေးတယ်။ ဘယ်အစွန်မှာရှိနေတဲ့ ရဲဘော်သန်းထွေး၊ ရဲဘော်သိန်းနိုင်၊ ရဲဘော်ညွန့်ဟန်တို့ လက်ထဲမှာ ကိုင်ထားတဲ့ သေနတ်တွေကို မြေကြီးပေါ်ချလိုက်ပြီး ရှေ့တစ်လှမ်းစီ တိုးရပ်လိုက်တာကို မြင်နေရတယ်။ အဲဒီနောက် တပ်စိတ်မှူးရဲ့ လက်ခုပ်တီးပြီး “စ”လို့ အမိန့်ပေးသံ၊ ရဲဘော် သုံးယောက်ရဲ့ “ကျား” ဆိုတဲ့ အော်ဟစ်မာန်သွင်းသံ၊ “ဂျိန်း”ကနဲ ပေါက်ကွဲသံ ဆက်တိုက် ထွက် ပေါ်လာခဲ့ပြီး မြင်ကွင်းတစ်ခုလုံး မီးခိုးများ ဖုံးအုပ်သွားခဲ့တယ်။

မီးခိုးများလွင့်ပါးသွားချိန် မြင်ကွင်းကို သေချာကြည့်လိုက်တော့ ကျနော်တို့ ရဲဘော် သုံးယောက် ရန်သူနဲ့မလှမ်းမကမ်းမှာ လဲပြိုနေကြတာကို တွေ့လိုက်ရတယ်။ ထို့နောက် တပ်စိတ် မှူးက “နောက်သုံးယောက် အသင့်ပြင်”လို့ အမိန့်ပေးသံအဆုံးမှာ ရဲဘော်သုံးယောက် သေနတ် များကို ဘေးချကာ ရှေ့တစ်လှမ်းစီ တိုးရပ်လိုက်ကြတာကို မြင်နေရတယ်။

ထို့နောက် တပ်စိတ်မှူးရဲ့အမိန့်ပေးသံ ထွက်ပေါ်လာပြီး ရဲဘော်တွေရဲ့ ကျားထိုးခုန် အုပ် ဖမ်းဆီးမှုကြောင့် နောက်ဆုံးတွင် ရန်သူကို အရှင်ရအောင် ဖမ်းဆီးနိုင်ခဲ့သော်လည်း ဒဏ်ရာရသူ ရဲဘော်သုံးဦးကို ရဟတ်ယာဉ်နဲ့တင်ပြီး မြေပြင်မှ စတက်လိုက်သည်နှင့် ရဲဘော် ညွန့်ဟန် ကျဆုံးသွားသည်။ နောက် လမ်းခုလတ်မှာပင် ရဲဘော်သိန်းနိုင် ကျဆုံးသွားခဲ့ပြီး မင်္ဂလာဒုံလေယာဉ်ကွင်းသို့ အဆင်းမှာ ရဲဘော်သန်းထွေး ကျဆုံးသွားခဲ့တယ်။

ကျဆုံးသွားတဲ့ ရဲဘော်သုံးဦးကို သူရတံဆိပ်ပေးခဲ့သော်လည်း ရဲဘော်သိန်းနိုင်မှာ လက်ထပ်ခွင့်ပြန်မကျခင် ကျဆုံးသွားခဲ့သောကြောင့် သန်းသန်းဆွေမှာ ခံစားခွင့်လဲမရဘဲ ချစ်သူနှင့် သေကွဲ ကွဲခဲ့ရခြင်း၊ တရားဝင် လက်ထပ်ခြင်း မပြုလိုက်ရသော်လည်း ကိုယ်ဝန်ကြီး လွယ်ထားရ၍ ပတ်ဝန်း ကျင်၏ တီးတိုးပြောဆိုခြင်းကြောင့် အရှက်ရစေခဲ့ခြင်း၊ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ၊ အစားဆင်းရဲခြင်းတို့ စုပေါင်းကာ နောက်ဆုံး၌ နှလုံးရောဂါရရှိပြီး ကလေးမွေးပြီး ချိန်တွင် ဆုံးပါးသွားခဲ့ရရှာတယ်။

ဒီလိုနဲ့ဘဲ သားကို ဦးကဘဲခေါ်မွေးခဲ့တယ်လို့ ပြောပြအပြီး ကလေးကိုကြည့်လိုက်တော့ မျက်ရည်တွေစီးကျနေသော်လည်း မျက်တောင်မခတ်တော့ဘူး။ ကျနော်က သူ့ပုခုံးနှစ်ဖက်ကို ကိုင်ပြီး သားသားလို့ခေါ်ပေမယ့် အသံလည်းထွက်မလားဘူး။ ဒါနဲ့ ကျနော်လည်း သူ့ကိုထမ်းပြီး နီးစပ်ရာ ဆေးခန်းပြေးပြတယ်။ ဆရာဝန်က ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို သွားဖို့ ပြောတယ်။ နောက်ဆုံး အရေးပေါ်ကိုရောက်ပြီး နှစ်နာရီ လောက်အကြာမှာ ဆရာဝန်ကြီးက “ဒီကလေးမှာ မွေးရာပါ နှလုံးရောဂါရှိတယ်။ အခုအဲဒီနှလုံးရောဂါနဲ့ဘဲ ဆုံးသွားပြီ” တဲ့။ ကျနော့် ရင်ထဲ ဗလောင်ဆူသွားတယ်။ ဆေးရုံမှာလုပ်စရာရှိတာတွေ လုပ်ကိုင်ပေးခဲ့ပြီးတော့ အိမ်ကို ဘယ်လိုပြန်ရောက်သည်ကိုပင် ကျနော်မသိ။ ကျနော့်စိတ်ထဲမှာ အရမ်းကိုမွန်းကျပ်နေတယ်။

‘ပျောက်သောသူ ရှာရင်တွေ့၊ သေသောသူ ကြာရင်မေ့’ တဲ့၊ ရှေးကဆိုခဲ့တဲ့စကား။ ကြာရင်ဆိုတဲ့အချိန်ကာလ ဘယ်လောက်ကြာရင် မေ့မှာလဲ။

ဒီနေ့မနက် ဘီဘီစီအသံလွှင့်ဌာနက သတင်းကြေငြာတဲ့အထဲမှာ “မြောက်ကိုရီးယား အစိုးရကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း၊ နောက်တနေ့တွင် နေပြည်တော်တွင် နှစ်နိုင်ငံ သံတမန်ဆက်သွယ်ရေး ဆွေးနွေးရန်”တဲ့။

ကြားလိုက်ရတဲ့အချိန်မှာ ကျနော့်စိတ်ထဲမှာ ၀မ်းနည်းကြေကွဲခြင်းနှင့် ဒေါသထွက်ခြင်း တပြိုင်တည်း ဖြစ်ပေါ်လာခဲ့တယ်။

ဒီမြောက်ကိုရီးယားအကြမ်းဖက်သမားတွေ ကိုယ့်မြေပေါ် ကျူးကျော်ဝင်ရောက်၊ ကိုယ့်ဧည့်သည်ကို စော်ကား၊ ဒါကို တာဝန်သိသိနဲ့ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာကို ကိုယ့်အသက်နဲ့ လဲပေးသွားတဲ့ စွန့်လွှတ်စွန့်စားသူ ပြည်သူ့တပ်မတော်သားတွေရဲ့ သစ္စာတရားကိုမှမထောက်၊ လုပ်ရက်ပါပေ့ကွာ။

မနက်မိုးလင်းရင် တစ်ကြိမ်၊ ညမိုးချုပ်ရင်တစ်ကြိမ် ဆိုနေကြတဲ့ သစ္စာအဓိဋ္ဌာန် (၄)ချက်ဆိုတာ ဘာရည်ရွယ်ချက်နဲ့ဆို နေကြတာလဲ။

(၁) ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်။

(၂) ငါတို့သည် ကျဆုံးလေပြီးသော ရဲဘော်အပေါင်းတို့၏ သစ္စာကို စောင့်သိရိုသေပါမည်။

(၃) ငါ့အား အထက်မှပေးအပ်သော အမိန့်နှင့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။

(၄) ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန် ပြုပါ၏။ - တဲ့။

ဒီသစ္စာအဓိဋ္ဌာန် (၄)ချက်အတိုင်း ကျနော့်ရဲဘော် သန်းထွေး၊ ရဲဘော်ညွန့်ဟန်၊ ရဲဘော် သိန်းနိုင်တို့သည် သူတို့ရဲ့အသက်နှင့် ခန္ဓာကိုယ် စွန့်လွှတ်ပေးသွားခဲ့တယ်။ သူတို့ကို မှီခိုနေကြ ရတဲ့ သူတို့ရဲ့ မိသားစုတွေဆိုရင်လဲ စစ်သားတစ်ယောက် တိုက်ပွဲကျသွားပြီးနောက်ပိုင်း (၃)လ သာ နေအိမ်လိုင်းခန်း၌ နေထိုင်ခွင့်ရှိပြီး (၃)လပြည့်ပြီးတာနဲ့ ဆင်းပေးဖယ်ပေးကြရတယ်။ မဖြစ် စလောက် ထောက်ပံ့ငွေးလေးနဲ့ နေစရာကမရှိ၊ ကြာတော့ လမ်းဘေးရောက်၊ သားသမီး တွေရဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး ဘာမှမရေရာတော့ သူတို့အတွက် အနာဂတ်ဆိုတာ ဘာလဲလို့ မေးယူရမယ့်ဘ၀။ နောက်ဆုံးတော့ သားသမီးတွေ ထမင်းလေးနပ်မှန်စေဖို့ မျက်စိကို စုံမှိတ်ပြီး ခန္ဓာကိုယ်ကို စတေးလိုက်ရတဲ့ စာရင်းတွေသာ တနေ့တခြား တိုးတိုးလာခဲ့တယ်။ တရားဝင်ဖခင်မရှိတဲ့ ကလေးတွေ များများလာနေတယ်။

ဒီအကြောင်းတွေကို ကျနော်စဉ်းစားတိုင်း ထွက်လာတဲ့အဖြေကတော့ ကျနော်တို့ အောက်ခြေကစစ်သားတွေဟာ သစ္စာအဓိဋ္ဌာန် (၄)ချက်ကို နေ့စဉ်ဆိုနေကြရတယ်၊ စောင့်သိ ရိုသေ လိုက်နာနေကြတယ်။ စစ်ဗိုလ်ချုပ်တွေက သစ္စာအဓိဋ္ဌာန် (၄)နဲ့ ကင်းကွာနေကြတယ်။

ဘာဘဲဖြစ်ဖြစ် စစ်ဗိုလ်ချုပ်ကြီးများဟာ ကျဆုံးလေပြီးသောရဲဘော်တို့၏ သစ္စာကို စောင့်သိရိုသေ မယ်ဆိုရင် ဒီမြောက်ကိုရီးယား အကြမ်းဖက်အစိုးရကို သံတမန်အဆက်အသွယ် မလုပ်သင့်ပါ။

ကျဆုံးလေပြီးသော ရဲဘော်တို့၏ သစ္စာကိုမစောင့်သိဘဲ ကိုယ့်အာဏာတည်မြဲရေးကိုသာ ကြည့်မယ်ဆိုခဲ့ရင် ကျနော်တို့ အောက်ခြေစစ်သားတွေအနေနဲ့ စဉ်းစားသင့်တာတွေ စဉ်းစားပြီး လုပ်သင့်တာတွေကို လုပ်ကြဖို့ လိုအပ်နေပြီလို့ ... ။

ရဲဘော်တာတေ ..။

Monday, July 18, 2011

အာဇာနည်နေ့ အထိမ်းအမှတ်


ဒီပိုစ့်ကို အရမ်းသဘောကျလို့ ကိုcomrade ရဲ့ခွင့်ပြုချက် တောင်းခံပြီး တင်ထားခြင်းဖြစ်ပါတယ် ခင်ဗျာ...။

ဗိုလ်ချုပ်တို့ ကျဆုံးခဲ့တာ ၆၄ နှစ်ရှိခဲ့ပြီ။ ခုချိန်ထိ ကျွန်တော်တို့ နိုင်ငံဟာ ဗိုလ်ချုပ်မျှော်မှန်းခဲ့တဲ့ အနေအထားနဲ့ အလှမ်းကွာဆဲပဲ။ တပ်မတော်ဟာလည်း ဗိုလ်ချုပ်မျှော်မှန်းခဲ့တဲ့ တပ်မတော်မျိုး ဖြစ်ဖို့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ အများကြီး ရှိနေဆဲပါ။ ဒီ(၆၄)နှစ် အတွင်းမှာ ဗိုလ်ချုပ်မျှော်မှန်းခဲ့တာတွေကို ကျွန်တော်တို့ဘာတွေများ ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်ခဲ့သလည်းဆိုတာ ပြန်သုံးသပ်မိတယ်။ လွဲမှားခဲ့တာတွေ ဆုံးရှုံးခဲ့တာတွေ အတွက် ဝမ်းနည်းနေလို့ မပြီးသေးပါဘူး၊ ကျွန်တော်တို့ အားလုံး ကိုယ်စီ ကိုယ်စီ အားစိုက်ထုတ် ကြိုးပမ်းဖို့ အများကြီး လိုနေသေးတယ်။ ကျွန်တော်တို့တွေ ဗိုလ်ချုပ်စကားကို နားမထောင်ကြလို့ ခုချိန်ထိ မြန်မာချင်း ချကြတုန်း၊ သတ်ကြတုန်း၊ တလွဲဆံပင်ကောင်း ကြတုန်း ရှိသေးပေမယ့်၊ ဗိုလ်ချုပ်မိန့်ခွန်းတွေ ပြန်လည်ဖော်ထုတ်လာကြတာ၊ ဗိုလ်ချုပ်အမှတ်တရတွေ ရေးဖွဲ့ကြတာ၊ ဗိုလ်ချုပ်ကို မမေ့ကြောင်း ပုံတွေ စာတွေနဲ့ ဖေါ်ကျူးကြတာ အဆိုးထဲက အကောင်းပါပဲ။ အနည်းဆုံးတော့ ဗိုလ်ချုပ်ရဲ့ ရိုးဖြောင့်တဲ့ စိတ်ဓါတ်နဲ့ ဆုံးမ စကားတွေကို ကျွန်တော်တို့ မမေ့ကြသေးတဲ့ သဘောပေါ့။ လိုက်နာနိုင်ကြရင်တော့ ကျွန်တော်တို့နိုင်ငံဟာ ညီညွတ် ငြိမ်းချမ်းတဲ့ လမ်းကို နိုင်ငံသားအားလုံး အတူလှမ်းနိုင်ကြပါလိမ့်မယ်။

နိုင်ငံအပိုင်းနဲ့ ပက်သက်လို့ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေနဲ့ ချိန်ထိုးပြီး သုံးသပ်သူတွေ အများအပြားရှိပြီးသားမို့ ကျွန်တော်ကတော့ တပ်မတော်နဲ့ ပက်သက်လို့ ကျွန်တော်ဉာဏ်မှီသလောက် သုံးသပ်တင်ပြ ပါရစေ။ ရုပ်ပိုင်းဆိုင်ရာ သုံးသပ်ရရင် ဗိုလ်ချုပ် မျှော်မှန်းခဲ့တဲ့ တပ်မတော်ကို မှီဖို့ အများကြီး လိုပါသေးတယ်။ လေတပ် အနေနဲ့တင် ရှေ့တန်းတိုက်ခိုက်ရေး လေယာဉ် အစင်း(၅၀၀) အနည်းဆုံး ထားရှိနိုင်ဖို့ ဗိုလ်ချုပ်က ရည်မှန်းခဲ့တာပါ။ အရန်နဲ့ ထောက်ပံ့ရေး လေယာဉ် အနည်းဆုံး အစင်း(၅၀၀)၊ ကြည်းတပ် အင်အား ၁ သန်း (၁ ၀၀၀ ၀၀၀) ထားရှိဖို့ ရည်ရွယ်ခဲ့တယ်။ တိုက်ခိုက်ရေး လေယာဉ် အစင်း(၅၀၀) ဆိုတာ အခုခေတ် လေယာဉ်တွေရဲ့ စွမ်းဆောင်ရည် မြင့်မားလာတဲ့ အတွက် အဲဒီ့ အရေ အတွက်လောက် မလိုဘူးလို့ ဆိုကောင်း ဆိုနိုင်ပေမယ့် အိမ်နီးချင်း အိန္ဒိယလေတပ်ရဲ့ လေယာဉ် အစင်း (၁၆၀၀) ကျော်၊ တရုတ်လေတပ်ရဲ့ လေယာဉ်အစင်း (၂၅၀၀) ကျော်နဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ ဗိုလ်ချုပ်က ကြည်းတပ်အင်အား ၁ သန်း ထားနိုင်ဖို့ ရည်ရွယ်ခဲ့တဲ့ အပြင်၊ နိုင်ငံသားတိုင်း စစ်ပညာတတ်စေဖို့၊ အရေးကြုံရင် အသင့် ဖွဲ့စည်း တိုက်နိုင် ခိုက်နိုင်တဲ့ အရန်အင်အား သန်းချီပြီး ပြည်သူထဲမှာ ရှိနိုင်ဖို့ အထိ ရည်ရွယ်ခဲ့ပါတယ်။ military doctrine နဲ့ ပက်သက်ရင်တော့ ဗိုလ်ချုပ်ချမှတ်ခဲ့တာ ပြည်သူ့စစ်မဟာဗျူဟာ (People's strategy) ပါပဲ။ ၁၉၄၉ ခုနှစ်မှ စတင် ထူထောင်မယ့် တရုတ်ပြည်သူ့သမ္မတနိုင်ငံကြီးကို ဗိုလ်ချုပ်ကြိုမြင်ခဲ့လေ သလား မသိပါ၊ အနာဂါတ်မှာ အရှေ့တောင် အာရှနိုင်ငံတွေ အားလုံး စုပေါင်းပြီး ပြည်ထောင်စုကြီး တစ်ခု ထူထောင်ရမယ် ဆိုတာ ကြိုတင် မိန့်ကြားခဲ့ဖူးပါတယ်။ ပထဝီနိုင်ငံရေး အရ မြန်မာနိုင်ငံအနေနဲ့ အရှေ့တောင် အာရှဒေသနဲ့ ပိုပြီး နီးကပ်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ရမယ် ဆိုတာ ဗိုလ်ချုပ် ကြိုမြင်နိုင်ခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ ပထဝီ အနေအထားအရ အင်အားတောင့်တင်း ခိုင်မာတဲ့ တပ်မတော် တစ်ရပ်မရှိလို့ မရပါ။ တပ်မတော် အင်အားရှိဖို့ အတွက်က တိုင်းပြည် အင်အားရှိဖို့ အဓိက အရေးကြီးပါတယ်။ ဘယ်သူ့သြဇာမှ မခံရတဲ့ သိက္ခာရှိတဲ့ အချုပ်အခြာပိုင် နိုင်ငံတစ်ခု အဖြစ်ရပ်တည်ချင်ရင် ကျွန်တော်တို့ ပြည်တွင်းရေး စည်းလုံးညီညွတ်မှ ရမယ်၊ ကာကွယ်ရေး စွမ်းအား တောင့်တင်းနေမှ ရမယ်။ ကိုယ့်အချင်းချင်း မတည့်လို့ သူများကို မျက်နှာချိုသွေးရတဲ့ အဖြစ်မျိုးဟာ အသည်းနာဖို့ ကောင်းလှတယ်။ မိမိတို့ရဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအကျိုးထက် အမျိုးသား အကျိုးစီးပွားကိုသာ အဓိက အခြေခံ စဉ်းစားတတ်ကြရင် ကျွန်တော်တို့ ဒီထက်ပိုပြီး ညီညီညွတ်ညွတ်နဲ့ လုပ်စရာတွေ အများကြီး ရှိနေကြောင်း မြင်ကြရပါလိမ့်မယ်။ ကိုယ့်ဘေးက နိုင်ငံကြီး နှစ်ခုက အင်အားတွေ (နိုင်ငံရေး၊ စစ်ပွားရေး၊ စစ်ရေး) ကြီးထွားလာလိုက်တာ၊ အနောက်ကမ္ဘာမှာတောင် အိန္ဒိယနဲ့ တရုတ်တို့ အတက် ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး နေကြရပီ။ အဲ့ဒီ့နှစ်နိုင်ငံကြားက ကျွန်တော်တို့ နိုင်ငံမှာတော့ ရန်ဖြစ်လို့ ကောင်းတုန်း။ လှေတစ်စီးတည်း စီးရင်း သူလှော်မယ်၊ ငါလှော်မယ်၊ ဟိုလို လှော်မယ်၊ ဒီလို လှော်မယ်နဲ့ ရန်ဖြစ်နေကြပုံနဲ့တော့ ရှေ့က ရောက်နှင့်ကြတဲ့ လှေတွေကို မှီဖို့ ဝေးစွ လှေစီးရင်း ရန်ဖြစ်လို့ အားလုံးရေနစ်ကြရမယ့် အရေးပါပဲ။ ကျွန်တော်တို့ အချိန်မှီပြင်ကြမှ ဖြစ်မယ်။ နိုင်ငံကြီး နှစ်နိုင်ငံကြားရောက်နေတာ အဆိုးချည်းပဲတော့ မဟုတ်ပါဘူး၊ ကျွန်တော်တို့ လုပ်တတ်မယ်၊ လုပ်နိုင်မယ်ဆိုရင် ကိုယ့်အတွက် အကျိုးရှိအောင် လုပ်နိုင်တာတွေ အများကြီးပါ။ သူများကို အမှီအခို ကင်းကင်းနဲ့ ကိုယ့်ခွန်ကိုယ့်အားကို အားကိုးပြီး ရပ်တည်နိုင်ဖို့ အရင်ဆုံး ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ အချင်းချင်း စည်းလုံးကြဖို့ လိုနေပါပြီ၊ ပြီးရင်တော့ ဗိုလ်ချုပ်ပြောသလို ပြဲနေအောင် လုပ်ကြရမှ ဖြစ်လိမ့်မယ်။

တပ်မတော်ကိစ္စ သုံးသပ်ရင်းကနေ ညီညွတ်ရေး အထိ တွေးမိသွားတယ်။ ကျွန်တော်ပြောချင်တာ ပြန်ကောက်ရရင် တပ်မတော်ဟာ ရုပ်ပိုင်းဆိုင်ရင် တိုးတက်မှုတွေ အများကြီး လိုနေပါတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ ပက်သက်ရင်တော့ ဗိုလ်ချုပ်ဖြစ်စေချင်တဲ့ တပ်မတော်မျိုးကို ကျွန်တော်တို့ မရောက်ရှိသေးပါဘူး။ အမျိုးသားရေး လိုအပ်ချက်အရ လွတ်လပ်ရေးသမိုင်းနဲ့ အတူ မွေးဖွားလာတဲ့ တပ်မတော်ဟာ မွန်မြတ်တဲ့ စိတ်ဓါတ်နဲ့ အစဉ်အလာကောင်းတွေကို ခံယူခဲ့ပြီးသားပါ။ ဒါပေမယ့် လွတ်လပ်ပြီးစ ပြည်တွင်းစစ် ဝင်္ကပါ အတွင်းကျရောက်ခဲ့ရတာ၊ နိုင်ငံအုပ်ချုပ်ရေး အပိုင်းမှာ ကာလရှည် ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ပါဝင်ခဲ့ရတာဟာ တပ်မတော်ရဲ့ စိတ်ဓါတ်ကို ရိုက်ခတ်မှုမျိုးစုံရှိခဲ့ပြီး အရောင်အမျိုးမျိုးလည်း ဆိုးခံခဲ့ရ ပါတယ်။ စစ်ဘက် အရပ်ဘက် ဆက်ဆံရေးမှာ အဖုအထစ် တွေလည်း ဖြစ်စေခဲ့တယ်။ တပ်မတော်ရဲ့ မူလတာဝန်ဖြစ်တဲ့ နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို ယနေ့မှာ ပြန်လည်ထမ်းဆောင်နေရပြီ ဖြစ်တဲ့ အတွက် တပ်မတော်ရဲ့ စိတ်ဓါတ်ကို အခြေခံက စလို့ ကျွန်တော်တို့ တစ်ဦးချင်း တစ်ယောက်ချင်းကနေ စပြီး ကိုယ်စီကိုယ်စီ၊ ထိုမှ တဆင့် ကိုယ့်ရဲ့ လက်လှမ်းမှီသလောက် ပြန်လည် ပြုပြင်ကြပါစို့၊ မွန်မြတ်တဲ့ အစဉ်လာကောင်းတွေကို ထိန်းသိမ်း ကြပါစို့ဗျာ။

ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြုပါသည်။

regards,

Comrade

Tuesday, July 12, 2011

ထိုင်း-မြန်မာ နယ်စပ် တိုက်ပွဲများ ၂၀၀၁ (အချက်အလက်ကြမ်း အချို့)


မြန်မာ-ယိုးဒယားနယ်စပ်ရှိ မြန်မာ့တပ်မတော် စခန်း

၂၀၀၁ တိုက်ပွဲစဉ်တွေ အကြောင်းကို ကိုMM က ရေးပေးဖို့ ပြောလာတော့ ကျွန်တော် ရေးဖို့ ကြိုးစားကြည့်ပါတယ်။ ဒါပေမယ့် ကျွန်တော်သိတဲ့ အချက်အလက်တွေက တပိုင်းတဆတွေ ဖြစ်နေတယ်၊ ဖြစ်စဉ်ကို အစဉ်လိုက် ဘာပြီး ဘာဆက်ဖြစ်ခဲ့တယ် ဆိုတာ မသိဘူး ဖြစ်နေတယ်။ ဒါကြောင့် ဆောင်းပါး တစ်ပုဒ် အနေနဲ့ ရေးကြည့်ပေမယ့် ရေးလို့ မရခဲ့ဘူး။ ဒါပေမယ့် တကယ် သိတဲ့ လူတွေ မရေးခင် တိုက်ပွဲတွေနဲ့ ပက်သက်လို့ နည်းနည်းပါးပါး သိချင်တဲ့ သူတွေ အတွက် ကျွန်တော် သိသလောက် အချက် အလက် ကလေးတွေ မျှဝေပါ့မယ်။ ဒါကြောင့် ခေါင်းစဉ်ကို နည်းနည်းပြင်ပြီး .... အချက် အလက်ကြမ်း အချို့ .... လို့ပဲ အမည်ပေးလိုက်ပါတယ်။

၂၀၀၁ နယ်စပ်တိုက်ပွဲတွေ စတင်လာတာကတော့ ဖေဖော်ဝါရီ လထဲမှာပါ။ မယ်ဆိုင်မြို့အနီးက အို-၇ တောင်ကုန်းစခန်းကို ထိုင်းဘက်က သူတို့ ပိုင်ဆိုင်တယ်လို့ ပြောဆိုတာကနေ စတင်လာတာပါ။ အဲဒီ့ အချိန်မှာ နယ်စပ် တလျှောက်မှာ တပ်မတော်နဲ့ SSA တို့ကလည်း တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတဲ့ အချိန်ပါ။ အဲဒီ့ အချိန်ကာလမှာပဲ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးနဲ့ အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်သူရသီဟသူရစစ်မောင်တို
့ အပါအဝင် တပ်မတော် အရာရှိကြီး အချို့ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့မှာ ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်ခဲ့ပါတယ်။ တိုက်ဆိုင်တယ်ပဲ ပြောရမလား၊ အဲဒီ့ ဖြစ်ရပ်ကြောင့်ပဲ ထိုင်းနိုင်ငံက စစ်ရေးအရ ပိုမို ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့သလားတော့ မသိပါ၊ နယ်စပ်တိုက်ပွဲတွေ ပိုပြီး အရှိန်တက်ခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ တပ်မတော် ရှေ့တန်း ကျထိနစခန်း၊ ပါချီးစခန်း နဲ့ အို-၇ တောင်ကုန်းတွေကို SSA တပ်တွေက ရုတ်တရက် ဝင်ရောက်စီးနင်းခဲ့တာပါ။ အဲဒီ့ စခန်းတွေဟာ နယ်စပ်မျဉ်းပေါ်မှာ ရှိပြီး အဲဒီ့ စခန်းတွေနဲ့ မျက်နှာချင်းဆိုင် ထိုင်နိုင်ငံဘက်ခြမ်းမှာ ထိုင်းစစ်စခန်းတွေ ရှိပါတယ်။ ထိုင်းစစ်စခန်းဘက်ကနေ SSA အင်အား ၂၀၀ ကနေ ၂၆၀ လောက်ဟာ လက်နက်ကြီး ပစ်အားသုံးပြီး အင်အား အလုံးအရင်းနဲ့ ညတိုက်ပွဲ ဆင်နွှဲပြီး ဝင်ရောက်စီးနင်းတာပါ။ ထိုင်းစစ်စခန်းကလည်း ညတိုက်ပွဲသုံး ဆလိုက် မီးမောင်းကြီးတွေနဲ့ ထိုးပြပေးခဲ့တယ်လို့ ဆိုတယ်။ လက်နက်ကြီးနဲ့လည်း ပစ်ကူ ပေးခဲ့တယ်လို့ ဆိုတယ်။ တပ်မတော်စခန်းတွေမှာက အို-၇ မှာ တပ်စုအင်အားလောက်ပဲ စခန်းထိုင်ထားပါတယ်။ ပါချီးစခန်းမှာ တပ်ခွဲ အင်အားလောက်ပဲ ရှိပါတယ်။ အင်အား ကွာခြားပေမယ့်၊ ရန်သူ့တိုက်စစ်အင်အားထက် အလွန်နည်းပေမယ့် အဓိက အဆုံးအဖြတ် ပေးခဲ့တာကတော့ အငိုက်ရရှိမှုပါ။ SSAဟာ လူအငိုက်ကော အချိန် အငိုက်ပါရရှိပြီး၊ ဒီတိုက်ပွဲတွေ အတွက်လည်း ကြိုတင် ပြင်ဆင် လေ့ကျင့်ထားပုံ ပေါ်ပါတယ်။ ထိုင်းနိုင်ငံ ဘက်ခြမ်းကနေ ဝင်တိုက်ရတာ ဖြစ်တဲ့ အတွက် မထင်မှတ်တဲ့ နေရာကနေ တိုက်ခြင်းဖြစ်ပြီး ပထဝီ အငိုက်ပါရတယ်လို့လည်း ဆိုနိုင်တယ်။ ဒါပေမယ့် ထိုင်းနဲ့ မြန်မာ နယ်စပ် ဆက်ဆံရေး တင်းမာနေချိန်ဖြစ်လို့ စခန်းရဲ့ ထိုင်းဘက်ခြမ်း မျက်နှာစာမှာလည်း ခံစစ်ပြင်ထားမှာ မလွဲပါဘူး။ လက်နက်ပစ်အားချင်းလည်း ယှဉ်မရခဲ့ဘဲ အချိန် ကြာမြင့်အောင်တောင် တောင့်ခံထားနိုင်ခြင်း မရှိပါ၊ ပါချီးစခန်းတစ်ခုတည်းမှာတင် စစ်သည် ၇ ဦး အထိ ကျဆုံးပြီး စခန်းကို စွန့်ခွာခဲ့ရတယ်။ အို-၇ တောင်ကုန်းကိုလည်း အလားတူ ထိခိုက် ကျဆုံးမှုတွေနဲ့ စွန့်ခွာရပါတယ်။ အို-၇ တောင်ကုန်းစခန်းဟာ တာချီလိတ်-မယ်ဆိုင် ဒေသကို ကောင်းစွာလွှမ်းမိုးထားနိုင်တဲ့ အနေထားရှိပြီး ပါချီး စခန်းဟာလည်း ပုံပါကျင် ဒေသကို လွှမ်းမိုးထားနိုင်ပါတယ်။ တဆက်တည်းမှာပဲ တာချီလိတ် အနောက်ခြမ်း ဒေသမှာ ရှိတဲ့ လွယ်တော်ခန်း၊ လွယ်မဆုတ်၊ လွယ်ခန်းရှိုးစခန်းတွေ အတိုက်ခံရပြီး ကျဆုံးကုန်ပါတယ်။ ပုံပါကျင်-ပါချီး-အောင်းလောင်း ဒေသမျာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားပြီး စခန်း အတော်များများ ဆုံးရှုံးလိုက်ရပါတယ်။ ထိုင်း-မြန်မာ နယ်စပ်ဂိတ် အနီးမှာရှိတဲ့ ဘီပီ-၁ စခန်းကတော့ စခန်းသိမ်းတိုက်ပွဲ ပြင်းပြင်းထန်ထန် ဆင်နွှဲခံရပေမယ့် စခန်း ကျဆုံးမသွားအောင် ခုခံနိုင်ခဲ့တယ်။

တိုက်ပွဲတွေ အပြီးမှာ SSA က မြန်မာ့တပ်မတော်စခန်းတွေပေါ်ကနေ သိမ်းဆည်း ရမိတဲ့ လက်နက်တွေ ပစ္စည်းတွေကို ထိုင်းနိုင်ငံက မီဒီယာတွေကို ခေါ်ယူပြသခဲ့ပြီး ဘိန်းဖြုထုပ်တွေ ဘိန်းမဲတွေ ပါ တွေခဲ့တယ်၊ မြန်မာ့ တပ်မတော်ဟာ နယ်စပ်မှာ ဘိန်းမှောင်ခိုကူးနေတယ် ဒါကြောင့် ဒီစခန်းတွေကို တိုက်ခိုက်သိမ်းယူရတာ ဖြစ်ပါတယ်လို့ ရှင်းလင်းခဲ့တယ်။ မြန်မာ နိုင်ငံပိုင် မီဒီယာတွေကလည်း SSA တပ်ဖွဲ့ကသာ ဘိန်းမှောင်ခိုကူးနေတဲ့ အဖွဲ့ဖြစ်တယ် ၊ ထိုင်းနိုင်ငံက တိုက်ပွဲမှာ SSA ကို ကူညီခဲ့တယ် လို့ တုန့်ပြန်ခဲ့တယ်။ ထိုင်းစစ်တပ်ကတော့ SSA ကို လက်နက်ကြီးပစ်ကူ ပေးခဲ့တာ မဟုတ်ဘူး၊ မြန်မာစစ်တပ်က ပစ်တဲ့ ကျည်တွေ သူတို့ စခန်းပေါ်ကျတဲ့ အတွက် တုန့်ပြန်ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ မီဒီယာတွေမှာ ပြောပါတယ်။ အဲဒီ့နောက် မီဒီယာတွေကနေ အပြန်အလှန် စွပ်စွဲရေးသားတာတွေ၊ သံအမတ်ကြီးတွေကို ခေါ်ယူ သတိပေးတာတွေ မီဒီယာတွေကနေ ထိုင်းစစ်ဦးစီးချုပ်တွေက ခြိမ်းခြောက်တာတွေ ဆက်တိုက်ဖြစ်လာတယ်။ အထင်ပေါ်ဆုံး ပုဂ္ဂိုလ်နှစ်ဦးကတော့ ထိုင်းတပ်မတော် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆူရာယုဒ် ချူလာနော့ နဲ့ အမှတ်(၃)တပ်တော်မှူး ဒု-ဗိုလ်ချုပ်ကြီးဝမ်တနာချိုင်းတို့ပဲ ဖြစ်တယ်။ ဗိုလ်ချုပ်ကြီး ဆူရာယုဒ်က အင်အားသုံး ဖြေရှင်းမယ်လို့ ဆိုခဲ့ပြီး၊ ဝမ်တနာချိုင်းကတော့ မီဒီယာတွေမှာ ကျယ်ကျယ်လောင်လောင် မြန်မာနိုင်ငံကို ပုတ်ခတ် ပြောဆိုတာတွေ လုပ်ခဲ့တယ်။ တိုက်ပွဲကြောင့် ဝပ်တနာချိုင်းဟာ ထိုင်းနိုင်ငံထဲမှာ ပိုမို ပေါ်လွင်လာပြီး နာမည်ကြီးလာတယ်။

ယိုးဒယား-မြန်မာ နယ်စပ် မြန်မာတပ်မတော် စခန်းများ
(ဒီနေရာမှာ တစ်ခု ကြားဖြတ်ဆွေးနွေး လိုတာက မြန်မာ မီဒီယာတွေက Thai 3rd Army ကို အမှတ်(၃)စစ်တိုင်းဆိုပြီး ဘာသာပြန်ကြတယ်၊ ဒါပေမယ့် သူရဲ့ ဖွဲ့စည်းပုံကို လေ့လာကြည့်ရင် တပ်တော် လို့ ဘာသာပြန်တာ ပိုမှန်ပါမယ်၊ ဘာလို့လည်းဆိုတော့ သူက သူအခြေစိုက်တဲ့ ဒေသတွင်းမှာ စစ်ဆင်ရေးနဲ့ လုံခြုံရေး တာဝန်တွေ ထမ်းဆောင်ဖို့ အတွက်တင် မဟုတ်ဘဲ 3rd Army တစ်ခုလုံး အတိုင်းအတာနဲ့ ရွှေ့လျား စစ်ဆင်နိုင်တဲ့ offensive capability လည်းရှိပါတယ်။ ဆိုတော့ မြန်မာ့ တပ်မတော်က စစ်တိုင်းတွေနဲ့ ပုံသဏ္ဌာန်ခြင်း မတူပါဘူး။ Phitsanulok မှာ တပ်တော်ဌာနချုပ် အခြေစိုက်ပြီး နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်းမှာ တပ်တွေ ဖြန့်ကျက်ထားတယ်။ ထိုင်းနိုင်ငံမှာ တပ်တော် လေးခုရှိပြီး မြန်မာနိုင်ငံနဲ့ နယ်နမိတ် တလျှောက်ကို ကွပ်ကဲရတဲ့ အမှတ်(၃)တပ်တော်ဟာ ကွန်မြူနစ်ခြိမ်းခြောက်မှု မရှိတော့တဲ့ စစ်အေးလွန်ကာလက စပြီး လက်နက်အကောင်းဆုံး တပ်ဆင်ပေးခြင်း ခံရတဲ့ ဦးစားပေး တပ်တော်ဖြစ်လာတယ်။ စစ်အေး ကာလတုန်းကတော့ လာအိုနဲ့ ကမ္ဘေ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘာဒီးယား နယ်စပ်တွေကို ကွပ်ကဲရတဲ့ အမှတ်(၁)နဲ့ အမှတ်(၂)တပ်တော်တွေကို ပိုဦးစားပေးခဲ့ရပါတယ်။ အဲဒီ့ အချိန်က မြန်မာနယ်စပ်မှာ မြန်မာအစိုးရကို လက်နက်ကိုင် ဆန့်ကျင်နေတဲ့ လူမျိုးစု လက်နက်ကိုင်တွေကို ကြားခံဇုန်အဖြစ် ထားခဲ့ပါတယ်။ မြန်မာ့ တပ်မတော်နဲ့ ထိုင်းတပ်တို့ တိုက်ရိုက်ထိတွေ့ခဲ့ခြင်းလည်း မရှိပါဘူး။ စစ်အေးလွန်ကာလတွေမှာ ကွန်မြူနစ်ခြိမ်းခြောက်မှု အန္တရာယ်လည်း မရှိတော့ဘူး၊ မြန်မာ့ တပ်မတော်ကလည်း မြန်မာနိုင်ငံ နယ်စပ်အထိ နေရာတော်တော်များများမှာ ထိန်းချုပ်လာနိုင်တဲ့ အခါ အမှတ်(၃)တပ်တော်ဟာ ဦးစားပေး တပ်တော် ဖြစ်လာတယ်။ စစ်လေ့ကျင့်မှု အများအပြားကိုလည်း အမှတ်(၃)တပ်တော် ဧရိယာထဲမှာ လုပ်လာတွေ့ မြင်တွေ့ရပါတယ်။ ဥပမာ- ၂၀၀၀ ခုနှစ် Cobra Gold ကို တပ်ခရိုင်မှာ လုပ်ခဲ့ပြီး၊ ၂၀၀၁ Cobra Gold ကို ချင်းရိုင်ခရိုင်မှာ လုပ်ခဲ့တာမျိုးပါ။)

မြန်မာ့တပ်မတော်က ကျဆုံးသွားတဲ့ စခန်းတွေကို ပြန်လည်ထိုးစစ်ဆင်ခဲ့တယ်။ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေနဲ့ အလွန်နီးကပ်တဲ့ ထိုင်းနိုင်ငံ ဘက်ခြမ်းမှာ ထိုင်းတပ်က စစ်အင်အား ၃၀၀၀၀ ကျော်သုံးပြီး စစ်ရေး လေ့ကျင့်တာကိုလည်း မြန်မာဘက်က ကန့်ကွက်ခဲ့တယ်။ ထိုင်းဘက်က စစ်ရေး လေ့ကျင့်မှုကို ဆက်လုပ်ခဲ့ပြီး မြန်မာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်လာပါတယ်။ ဒီိလိုနဲ့ နှစ်ဖက်တပ်များ ကြားမှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပေါ်လာတယ်။ မြန်မာ့တပ်မတော်က အို-၇ တောင်ကုန်းကို ပြန်သိမ်းပိုက်တဲ့ အခါမှာ ယိုးဒယားတပ်တွေနဲ့ စတင်ထိတွေ့မှု ဖြစ်ပါတယ်။ တကယ်တော့ အို-၇ နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ယိုးဒယားဘက်ခြမ်းက တောင်ကုန်းက အို-၇ထက် ပိုမြင့်ပါတယ်။ ဒါကြောင့် မယ်ဆိုင်မြို့ကို စိုးမိုးနေတဲ့ အဓိက အချက်ခြာတောင်ကုန်းမို့ သူတို့ပိုင်ပါတယ်ဆိုတဲ့ ယိုးဒယားရဲ့ ပြောဆိုချက်ဟာ မမှန်ပါဘူး။ မြန်မာ့တပ်မတော်ဟာ အို-၇ ကို သိမ်းပိုက်နိုင်ပြီးတဲ့ အချိန်မှာ အို-၇ရဲ့ တဖက်က ပိုမြင့်တဲ့ တောင်ကုန်းပေါ်ကနေ ယိုးဒယားက လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့ပါတယ်။ F-16 တိုက်လေယာဉ်တွေ မြန်မာ့လေပိုင်နက်ထဲ ဝင်လာပြီး ခြိမ်းခြောက်ပျံသန်းတာတွေ လုပ်လာပါတယ်။ လွယ်လန်းဒေသမှာရှိတဲ့ မိုင်းယွန်းမြို့မှာ UWSA အဖွဲ့က မှူးယစ်ဆေးဝါးတွေ ထုတ်လုပ်နေတယ်လို့ ယိုးဒယားက စွပ်စွဲပြီး တိုက်လေယဉ်ပေါ်ကနေ ဗုံးကျဲချပြီး တိုက်ခိုက်ခဲ့တယ်။ F16 တစ်စီး မြန်မာ့ မြေပေါ်မှာ ပျံသန်းနေခဲ့တဲ့ အချိန်ဟာ ၄၅ မိနစ်တောင် ကြာခဲ့တယ်လို့ ဆိုတယ်။ နယ်စပ်က စခန်းတွေ ပေါ်တင်မကဘဲ တာချီလိတ်မြို့ပေါ်ကိုပါ ဖြတ်ပျံခဲ့တယ်။
ယိုးဒယားမီဒီယာတွေမှာတော့ မြန်မာတပ်တွေဟာသူတို့ပိုင်နက်ကို ကျူးကျော်လာလို့ လေယဉ်ပေါ်ကနေ အသံဗုံးကျဲချပြီး ခြောက်လှန့်ခဲ့ရတာပါလို့ ဆိုတယ်။ သူတို့ ပြန်လည် ပစ်ခတ်တာကို မခံနိုင်တဲ့ အတွက်ရော၊ လေယာဉ်ကို ကြောက်ရွံ့တဲ့ အတွက်ရော မြန်မာတပ်တွေ မယ်ဆိုင်အနီးက တောင်ကုန်းပေါ်က ပြန်ဆုတ်ပြေးသွားကြလို့ တောင်ကုန်းကို သူတို့ ပြန်လည်သိမ်းပိုက်နိုင်တယ်လို့ ဆိုပါတယ်။ (နှစ်နိုင်ငံတပ်တွေ ထိတွေ့တဲ့ နယ်စပ်တိုက်ပွဲမှာ ယိုးဒယားက သူတို့နိုင်တယ်လို့ ဆိုလိုတာပါ။ ဒါပေမယ့် တိုက်ပွဲမှာ တောင်ကုန်းကို တကယ်ရလိုက်တာက မြန်မာဘက်က ရတာပါ။ ဒီနေ့အထိလည်း မြန်မာပိုင်ပါပဲ၊ ကျွန်တော် ၂၀၀၈ခုနှစ်တုန်းက အို-၇ တောင်ကုန်းကို ရောက်ခဲ့တဲ့ အချိန်မှာ တောင်ကုန်းထိပ်အထိ ကားလမ်း ပေါက်နေပါပီ။ နောက်ဆင်ခြေလျှောခံစစ်ကိုလည်း အခိုင်အမာတည်ဆောက်ထားပြီး လက်နက်ကြီးတွေလည်း ရှိပါတယ်။ ဒုတပ်ရင်းမှူးဦးစီး စစ်ကြောင်းတစ်ကြောင်း စခန်းထိုင်တဲ့ စခန်းကြီး တစ်ခု ဖြစ်နေပါပြီ။ မျက်နှာချင်းဆိုင်က ယိုးဒယားတောင်ကုန်းမှာလည်း ယိုးဒယားတပ်တွေ အခိုင်အမာတပ်စွဲထားတာ လှမ်းမြင်ရပါတယ်။)

တိုက်ပွဲတွင်းမှာ ယိုးဒယားက တာချီလိတ်မြို့တွင်းကို လက်နက်ကြီးနဲ့ လှမ်းပစ်ခဲ့တဲ့ အတွက် အရပ်သား (၂)ဦးသေဆုံးခဲ့ပါတယ်။ မြန်မာဘက်ကလည်း မယ်ဆိုင်မြို့ထဲကို လက်နက်ကြီးနဲ့ ပြန်ပစ်ခဲ့ပြီး ထိုင်းပြည်သူ (၂)ဦး သေဆုံးတယ်လို့ မီဒီယာတွေမှာ တွေ့ရပါတယ်။ တာချီလိတ် အနောက်ခြမ်း ဒေသနဲ့၊ ပုံပါကျင်-ပါချီး ဒေသ တွေမှာ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ခဲ့ပြီး လွယ်လန်း ဒေသမှာတော့ တိုက်ပွဲတွေ ဖြစ်/မဖြစ်ကို ကျွန်တော် မသိပါ (သိတဲ့လူတွေ ပြောပြပေးပါ)။ မြန်မာ့တပ်မတော်ဟာ ကျဆုံးသွားတဲ့ စခန်းတွေကို ဂျွန်၊ ဂျူလိုင် လတွေထဲမှာမှ ပြန်သိမ်းနိုင်ခဲ့ပါတယ်။ SSA တပ်တွေလည်း ယိုးဒယားနိုင်ငံထဲကို ဆုတ်ခွာသွားကြတယ်။ အကျအဆုံး၊ ဒဏ်ရာရ အများကြီးနဲ့ ရင်းနှီးပြီးမှ စခန်းတွေကို ပြန်သိမ်းနိုင်ခဲ့တာပါ။ ပါချီးတောင် ဆိုရင် အတော်မတ်ဆောက်တဲ့ အတွက် ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရတယ် နယ်စပ်အနီးမှာ ရှိတဲ့ အတွက် လက်နက်ကြီး သုံးရတာလည်း အကန့်အသတ် အလွန်များပါတယ်၊ စခန်းတွေ ကျသွားတုန်းက နာရီပိုင်းတွင်း ကျဆုံးသွားပေမယ့် ပြန်သိမ်းယူတဲ့အခါ အသက်တွေ အများကြီးရင်းပြီး လနဲ့ချီအောင် တိုက်ယူခဲ့ရတာ ဖြစ်ပါတယ်။ ရန်သူ့ဘက်ကအငိုက်ရရှိခဲ့မှုနဲ့၊ မိမိက တိုက်စစ်ဆင်တဲ့ အခါမှာတော့ အငိုက်မရရှိတဲ့ အခါ ဘယ်လောက် တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ရတယ်ဆိုတာ သင်ခန်းစာပါ။ (အခုချိန်မှာတော့ ပါချီးအပါအဝင် ဒီစခန်းတွေ အားလုံးဟာ အမြင့်ဆုံး တပ်လှန့်ထားတဲ့ မဆုတ်တမ်းခံစစ် စခန်းတွေပါ။) လွယ်မဆုတ်စခန်းကို သိမ်းပိုက်မိတဲ့ အခါမှာ ယိုးဒယားတပ်သုံး ဆက်သွယ်ရေးစက်တစ်လုံးတောင် သိမ်းမိခဲ့ပါသေးတယ်။ အို-၇ တိုက်ပွဲမှာလည်း ယိုးဒယားတပ်သုံး လက်နက်ငယ်တွေနဲ့ ယိုးဒယားတပ်မတော် တံဆိပ်ပါတဲ့ ရှေ့ထွက်မိုင်းတွေပါ သိမ်းမိခဲ့ပါတယ်။

လွယ်လန်းဒေသ အခြေအနေကလည်း အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ အင်မတန် အန္တရာယ်ကြီးတဲ့ အနေအထားပါ။ လွယ်လန်းဒေသတွင်းမှာ ထိုင်းစစ်စခန်း (၃၅)ခု ရှိနေပါတယ်။ မြန်မာ့တပ်မတော်က ထိုင်းစစ်စခန်းတွေ အားလုံး ဆုတ်ခွာပေးဖို့ တရားဝင် အကြောင်းကြားမှု လုပ်ခဲ့ပါသေးတယ်။ ထိုင်းဘက်က ပြန်လည် ကန့်ကွက်ခဲ့ပြီး သူတို့ပိုင် နယ်မြေဖြစ်တဲ့ အတွက် ဆုတ်မပေးနိုင်ကြောင်း ဆိုတယ်။ ဒီပြဿနာဟာ ဒီနေ့ အထိ မပြီးဆုံး သေးပါဘူး။ ထိုင်းတပ်စခန်းတွေ(အချို့စခန်းတွေမှာ သံချပ်ကာ ယာဉ်များပါ ပါဝင်ပါတယ်)နဲ့ မြန်မာတပ်စခန်းတွေ ထိပ်တိုက်ရင်ဆိုင်ပြီး အသင့် အနေအထားနဲ့ စခန်းချထားတာ ဒီနေ့ အထိပါ။

၂၀၀၁ တိုက်ပွဲစဉ်တွေမှာ ယိုးဒယားနဲ့ မြန်မာတပ်တွေ ထိတွေ့ခဲ့တာကို ပြန်သုံးသပ်ရရင် မြန်မာ့ တပ်မတော်ဘက်က ယိုးဒယားထက် အကျအဆုံး အထိအခိုက် ပိုများခဲ့တယ် (ဒါပေမယ့် ယိုးဒယားတပ်တွေကြောင့်လို့တော့ မဆိုနိုင်ပါ၊ SSA နဲ့ တိုက်ခိုက်ရတဲ့ အတွက် ထိခိုက်ကျဆုံးရတာတွေပါ)။ ဒါပေမယ့် နယ်မြေမဆုံးရှုံးအောင် ကာကွယ်နိုင်ခဲ့တယ်။ အငြင်းပွားနေတဲ့ တောင်ကုန်းကို ရန်သူ့လက်ပါမသွားအောင် ပြန်တိုက်ယူနိုင်ခဲ့ပြီး၊ လွယ်လန်းဒေသက နယ်မြေအငြင်းပွားမှု ပြဿနာကတော့ နဂိုအခြေအနေတိုင်း ရှိနေပြီး ဒီနေ့အထိ ဖြေရှင်းနိုင်ခြင်း မရှိသေးဘူး။ အဲ့ဒီ့ အချိန်က မိမိ လေတပ်မတော်မှာ ခေတ်မှီဂျက်တိုက်လေယာဉ် မရှိခဲ့တဲ့ အတွက် ယိုးဒယားလေတပ်က မိမိ ခေါင်းပေါ်ဖြတ်ပျံပြီး နားရွက်တံတွေးဆွတ်တာ ခံခဲ့ရတယ်။

(ပြီးခဲ့တဲ့ ၂၀၀၃ တိုက်ပွဲစဉ် အကြောင်းမှာ အချက်အလက် တချို့ကို ပြင်ချင်တာက ပန်ကန့်ကော်၊ ပန်မိုင်ဆွန်၊ လွယ်ထွေ၊ ကျူဆပ်ကပ်စတဲ့ စခန်းတွေ အတိုက်ခံခဲ့ရတာ ၂၀၀၃ ခုနှစ်ထဲမှာ မဟုတ်ပါဘူး၊ ယိုးဒယားနဲ့ ပစ်ခတ်မှုတွေဖြစ်တာ ၂၀၀၃ ခုနှစ်ထဲမှာ ဖြစ်ပေမယ့် စခန်းတွေ အတိုက်ခံခဲ့ရတာ ၂၀၀၂ ခုနှစ် မေလထဲ (Cobra Gold ရာသီ) မှာဖြစ်ပါတယ်။ နောက်တစ်ချက်က ပန်ကန့်ကော် ဒေသဟာ ဘီပီ-၅ မဟုတ်ပါဘူး၊ ဘီပီ-၃ပါ။)

သိတဲ့လူတွေက အချက်အလက်တွေ ဖြည့်ပေး၊ ပြင်ပေးကြဖို့ ကြိုဆိုပါတယ်။

အားလုံးကို လေးစားလျက်
Comrade