
နံပါတ်(၄)အချက်...။ ။ နောက်ဆုံးဖြစ်တဲ့... နံပါတ်(၄)အချက်ကတော့ ကျွန်တော်တို့ကိုယ်တိုင် တစ်ဦးချင်းသိတတ်မှုသာမက တပ်ဖွဲ့ကြီးအလိုက်၊ တပ်မတော်တရပ်လုံးစွမ်းဆောင်ရမယ့်ကိစ္စတွေပါ ပါဝင်နေပါတယ်။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့တပ်မတော်ဟာ ဥပဓိရုပ်လိုနေပါသေးတယ်... အရပ်စကားနဲ့ ပြောရရင် လူရှိန်ဖို့အတွက် အချို့အချက်ကလေးတွေ လိုအပ်နေပါသေးတယ်။
ကျွန်တော်တို့ နှစ်စဉ်ကျင်းပလာတဲ့ တပ်မတော်နေ့... အခု ရပ်နားထားပါတယ်(ဖျက်သိမ်းလိုက်တာလားတော့ မသိပါ)။ ဒါဟာ စစ်အသုံးစရိတ်ကို ကုန်ကျစေတယ်၊ မှန်ပါတယ်။ ပြီးတော့ ဒီအခမ်းအနားကြီးအတွက် အဘက်ဘက်က စာရင်းဇယားတွေ၊ အလုပ်တွေ၊ စီမံခန့်ခွဲရမှုတွေ၊ ကွပ်ကဲရမှု၊ ဦးရေးထောက်တာဝန်တွေဟာ တကယ်ကြီးမားတဲ့ တာဝန်ကြီးတခုဆိုတာလဲ မှန်ပါတယ်။ ဒီလို ကုန်ကျသွားမယ့် ငွေတွေအစား ခေတ်မီတိုက်လေယာဉ်တစ်စင်းဖြစ်ဖြစ်၊ တင့်ကားတစ်စီးဖြစ်ဖြစ် ဝယ်လိုက်တာကမှ အကျိုးရှိဦးမယ်လို့ ဆိုလာရင်လဲ ကျွန်တော် ထောက်ခံမိမှာပါ။ ဒါပေမယ့်... တခုတော့ ရှိသွားတယ်ဗျာ။
ဥပမာ - တရုတ်တပ်မတော်ကိုပဲ ကြည့်ပါ။ တရုတ်ဟာ သူ့စစ်ရေးစွမ်းရည်၊ လက်နက်ထုတ်လုပ်ထားမှုတွေ၊ သူ့နိုင်ငံရဲ့ လက်ရုံးတပ်ဖွဲ့ကြီးတွေရဲ့ စုဖွဲ့မှုအင်အားနဲ့အရည်အချင်းတွေကို သူ့ပြည်သူတွေသာမက ကမ္ဘာကပါသိအောင် မီဒီယာနည်းနဲ့ လက်တွေ့မျက်မြင်ပြသနေတာကို မိတ်ဆွေတို့လဲ သိကြမှာပါ။ သူတို့ရဲ့အဓိကတပ်ဖွဲ့ကြီးတွေဖြစ်တဲ့ ရေတပ်၊ လေတပ်၊ အမြောက်တပ်၊ လေကြောင်းရန်ကာကွယ်ရေးတပ်၊ တင့်တပ်စတဲ့တပ်ဖွဲ့တွေရဲ့ လေ့ကျင့်ပစ်ခတ်ပြသမှုတွေ၊ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေဟာ သူ့နိုင်ငံရဲ့ပြည်သူတွေစိတ်ထဲမှာ "အားကိုးလိုစိတ်၊ အထင်ကြီးစိတ်၊ လေးစားစိတ်"တွေဖြစ်ပေါ်စေရုံသာမက သူတို့တပ်မတော်ဟာ ဘာတွေလုပ်နေတယ်ဆိုတာကိုပါ ပြည်သူတွေကို အသိပေးတဲ့သဘော ဆောင်နေပါတယ်။ ဒီလိုစိတ်တွေ ပြည်သူတွေစိတ်ထဲမှာ ရှိနေမယ်ဆိုရင် တပ်မတော်နဲ့ပြည်သူ တသားထဲဖြစ်မှု စိတ်ဓာတ်အင်အားနဲ့ ကိုယ့်အလုပ်အပေါ်ကိုယ် ဂုဏ်ယူရမှုတွေကြောင့် စစ်သည်တဦးချင်းရဲ့ စိတ်ဓာတ်အနေအထားတွေကလဲ မြင့်တက်နေမှာ အမှန်ပါပဲ။
ကျွန်တော်တို့တပ်မတော်ကို ကြည့်ရအောင်...။ ကျွန်တော်တို့တပ်မတော်ကတော့ ကြောင်လက်သည်းဝှက်သလို ပြုမူနိုင်လွန်းပါတယ်၊ အချိန်မတန်သေးခင် မထုတ်ပြသေးတာလို့ပဲ ပြောရမလား၊ မလိုအပ်ဘူးလို့ ယူဆတဲ့အတွက်ကြောင့်ပဲ မထုတ်ပြသေးတာလို့ပဲ ပြောရမလား။ ရှင်းရှင်းပြောရရင် တပ်မတော်ရဲ့ သာမန်တပ်သားလေးတယောက်အဖို့တောင်မှ ကိုယ့်တပ်မတော်ရဲ့စွမ်းဆောင်ရည်ကို ယုံကြည်မှုရှိဖို့ စိတ်ဓာတ်အင်အားလိုအပ်နေတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်တပ်မတော်မှာ ဘာတွေရှိတယ်၊ ဘာတွေ လုပ်နိုင်တယ်၊ ဘယ်လိုအရည်အချင်း၊ စွမ်းရည်တွေရှိတယ်ဆိုတာ သူတို့ကိုယ်တိုင် မမြင်တွေ့၊မသိရှိကြတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
တပ်မတော်မှာ အရင်ကလို ကုန်းရေနှစ်သွယ် ပူးပေါင်းစစ်ရေးလေ့ကျင့်တာမျိုး၊ နောက်ပြီး ကြည်းရေလေပူးပေါင်း စစ်ရေးလေ့ကျင့်တာမျိုး၊ လက်ရုံးတပ်ဖွဲ့ကြီးတွေ ပူးပေါင်းစစ်ရေးလေ့ကျင့်တာမျိုး မရှိသလောက်ပါပဲ။ ခြေလျင်ခြေမြန်တပ်ရင်းတွေရဲ့ နောက်တန်းပြန်အနားယူချိန်မှာ တပ်မအလိုက် Refit ဝင်တာတွေတော့ ရှိပါတယ်... ဒါပေမယ့် ဒါတွေကိုလဲ ဒီ့ထက်ပိုပြီး ထိထိရောက်ရောက်ဖြစ်ဖို့ လိုအပ်ပါတယ်။ Refit ဝင်ချိန်မှာ ၆ဝ မမ စိန်ပြောင်းပစ်ခတ်မှု လေ့ကျင့်ပေးထားတဲ့ စစ်သည်တယောက်ကို တကယ်ရှေ့တန်းထွက်တော့ MA-2 ကိုင်ခိုင်းတာ၊ MA-4 ကိုင်ခိုင်းတာမျိုး... ဒါတွေဟာ မဖြစ်သင့်ပါဘူး။ သူ့နေရာ အစားဝင်မယ့်သူဟာ စိန်ပြောင်းပစ်ခတ်မှုမှာ အသားကျနေရင်တော့ ကိစ္စမရှိပါဘူး၊ ဒါပေမယ့် စိန်ပြောင်းပစ်ခတ်မှုနဲ့ သိပ်မကျွမ်းဝင်သေးတဲ့ အခြားတပ်သားတစ်ယောက်ဆိုရင်တော့ ဒါ တကယ်လက်တွေ့ ရှေ့တန်းမှာ ပစ်ရခတ်ရတဲ့အခါမှာ တိတိကျကျ ပစ်မှတ်ကို ချေမှုန်းနိုင်ဖို့ ခက်ခဲသွားပါလိမ့်မယ်။ ဒီလိုပါပဲ... Refit ဝင်တုန်းက MG-53 စက်လတ်ပစ်ခတ်မှု လေ့ကျင့်ပေးထားတဲ့သူ၊ ပုခုံးထမ်းလောင်ချာပစ်ခတ်မှု လေ့ကျင့်ပေးထားတဲ့သူ၊ ဒသမ ၅ စက်သေနတ်ကြီးပစ်ခတ်မှု လေ့ကျင့်ပေးထားတဲ့သူ၊ ၈ဝ မမ စိန်ပြောင်းပစ်ခတ်မှု လေ့ကျင့်ပေးထားတဲ့သူ စတဲ့စတဲ့သူတွေဟာ တပ်ရင်းတွေ တကယ်ရှေ့တန်းထွက်ရင်လဲ သူတို့ရဲ့ ကျွမ်းကျင်ရာလက်နက်အမျိုးအစားတွေအလိုက် ဖွဲ့စည်းပုံမှာ ပါသွားတာပဲဖြစ်သင့်ပါတယ်။ ဒီလိုမှ မဟုတ်ပဲ တခြားလက်နက်တွေ ကိုင်ပြီး ရှေ့တန်းမှာ ပါသွားမယ်ဆိုရင်တော့ သူတို့ရဲ့ လေ့ကျင့်ထားတဲ့စွမ်းရည်တွေကို အလဟဿဆုံးရှုံးလိုက်ရသလိုပါပဲ။ တိုက်ပွဲဖြစ်လာတဲ့အခါ စောစောကပြောတဲ့ တပ်ခွဲအဆင့်၊ တပ်ရင်းအဆင့် လက်နက်ကြီးတွေရဲ့ လိုအပ်တဲ့ပစ်အား၊ တိကျမှု၊ မြန်ဆန်မှုကို မရတာ အဲဒီအချက်တွေကြောင့်ပါ။ ဒါ... ကျွန်တော့်လက်တွေ့ပါပဲ။ ဒါကိုလဲ တာဝန်ရှိသူ အဆင့်ဆင့်ရဲ့ ပညာပေးကြပ်မတ်စစ်ဆေးမှုတွေ လိုအပ်နေပါသေးတယ်ဆိုတာ ကျွန်တော် မီးမောင်းထိုးပြချင်ပါတယ်။
ပြီးတော့ ကျွန်တော် စောစောက ပြောခဲ့သလို လက်ရုံးတပ်ဖွဲ့ကြီးတွေရဲ့ လေ့ကျင့်မှုတွေ... ဒါတွေဟာ တကယ်လိုအပ်ပါတယ်။ ကျွန်တော်တို့တပ်မတော်ဟာ လက်ရှိပြည်တွင်း သောင်းကျန်းသူတွေလောက်နဲ့ တပ်မတော်ရဲ့စွမ်းရည်ကို တိုင်းတာနေရတာပါ။ ဒါပေမယ့် ပြည်တွင်းသောင်းကျန်းသူအဆင့်မှာ အမြောက်၊ တင့်၊ လေကြောင်းရန်၊ ရေ၊ လေ စတဲ့ အဓိကလက်ရုံးတပ်ဖွဲ့ကြီးတွေရဲ့ စွမ်းရည်ကို တိုင်းတာခွင့်မရပါဘူး။ တကယ်လို့သာ ပြည်ပကျူးကျော်မှု တခုခုကြောင့် ဒီလက်ရုံးတပ်မကြီးတွေကို ချက်ချင်းလက်ငင်း အသုံးပြုရတော့မယ်ဆိုပါစို့... ကျွန်တော်တို့တွေ အဆင်သင့်ဖြစ်နိုင်မလား ? လုံလောက်တဲ့ ကိုင်တွယ်မှုစွမ်းရည်တွေကို ရရှိနိုင်ပါ့မလား ? ပင်မတိုက်ပွဲဝင်တင့်တွေဆိုရင်လဲ အဲဒီတင့်တွေရဲ့ တင့်စစ်သည်တွေဟာ အဆင်သင့်ဖြစ်နေပြီလား...၊ ၁၅၅ မမ အမြောက်ကြီးတွေဆိုရင်လဲ အဲဒီရဲ့အမြောက်စစ်သည်တွေဟာ ပစ်မှတ်တွေကို တိတိကျကျ ချိန်ရွယ်ပစ်ခတ်နိုင်ဖို့ လုံလောက်တဲ့လေ့ကျင့်မှုတွေနဲ့ အသားကျနေပြီလား...၊ လေကြောင်းရန်ရဲ့ Air Defence စနစ်တွေဆိုရင်လဲ ကိုယ့်မြေပေါ်ကို ကျူးကျော်လာမယ့် အခြားတိုက်လေယာဉ်တွေ၊ တာဝေးပစ်ဒုံးတွေကို ကြားဖြတ်တားဆီးနိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလား...၊ လေတပ်ရဲ့ တိုက်လေယာဉ်မှူးတွေကရော အချိန်မရွေးအဆင်သင့်ထပျံပြီး တိုက်နိုင်မယ့်စွမ်းရည်ရှိနေပြီလား ?
ဒါတွေကို မထောက်ထားမညှာတာပဲ အဖြေထုတ်ပြရမယ်ဆိုရင်တော့ "လိုအပ်နေပါသေးတယ်"လို့ ကျွန်တော်ပြောလိုက်ချင်ပါတယ်။ ဒါ... ဘာလို့လဲဆိုရင်တော့ Training အသား မကျသေးလို့ပါပဲ။ သာမန်လူတယောက်မှာတောင် ပထမဆုံးအကြိမ်ဆိုတာ ဘာလုပ်လုပ် အထစ်အငေါ့ရှိတတ်ပါသေးတယ်... ကျွန်တော်တို့ရဲ့ မဟာဗျူဟာ၊ နည်းဗျူဟာလက်နက်ကြီးတွေကို ကိုင်တွယ်နေရတဲ့ တပ်မတော်ရဲ့စစ်သည်တွေအဖို့တော့ ပြောစရာမလိုတော့ပါဘူး။ သူတို့ဟာ တကယ်တမ်း အရေးရယ်အကြောင်းရယ် ရှိလာတဲ့အခါမှာ ယုံကြည်မှုရနေဖို့အတွက် အတွေ့အကြုံတွေ၊ လေ့ကျင့်မှုတွေ ရှိနှင့်နေဖို့လိုအပ်ပါတယ်။ ဒါတွေကို ဖြေရှင်းနိုင်ဖို့နည်းလမ်းကတော့ သူတို့ကို ကျည်စစ်ကျည်မှန်နဲ့ လေ့ကျင့်ပေးနိုင်မှု...၊ ပုံမှန် Alert ပေးပြီး လက်ရုံးတပ်ဖွဲ့ကြီးတွေအချင်းချင်း တပ်မတော်တွင်းမှာ ၆ လတန်သည်ဖြစ်စေ၊ ၁ နှစ်တန်သည်ဖြစ်စေ ၁ ကြိမ်ကျ ပုံမှန်စစ်ရေးပူးပေါင်းလေ့ကျင့်မှုတွေကို ကျည်စစ်ကျည်မှန်နဲ့ လုပ်ဆောင်ပေးဖို့ပါပဲ။ ဒါမှသာ လက်ရုံးတပ်ဖွဲ့ကြီးတွေရဲ့ စစ်သည်တိုင်းစစ်သည်တိုင်းဟာ အမြဲတမ်း Active ဖြစ်နေပြီး ကိုယ် ကိုင်တွယ်ရတဲ့ လက်နက်ကြီးတွေအပေါ် ကျွမ်းကျင်မှု၊ ယုံကြည်မှုအပြည့်အဝ ရှိနေမှာဖြစ်ပါတယ်။ စစ်ရေးအသုံးစရိတ် ကုန်ကျမှုရှိမှာတော့ မှန်ပါတယ်... ဒါပေမယ့် ရရှိလာမယ့်အကျိုးအမြတ်အနေနဲ့ တပ်မတော်ကြီးတရပ်လုံးရဲ့ စိတ်ဓာတ်အင်အားကိုသာမက စစ်သည်တွေရဲ့ စစ်ရေးစွမ်းရည်တွေပါ အသင့်အနေအထားဖြစ်လာအောင် တိုးတက်လာမှာဖြစ်ပါတယ်။ ဒါ ကျွန်တော်တို့လိုချင်တဲ့ တပ်မတော်အတွက် အဓိကဖြစ်တဲ့ "တိုက်စွမ်းရည်နဲ့စိတ်ဓာတ်"ပါပဲ...။
ဒီလိုလေ့ကျင့်နေခြင်းအားဖြင့် လက်ရုံးတပ်ဖွဲ့ကြီးတွေသာမက ကျန်တဲ့ ခြေလျင်ခြေမြန်စစ်သည်တွေအဖို့လဲ မိမိတို့တပ်မတော်ရဲ့ စွမ်းရည်နဲ့လေ့ကျင့်မှုတွေကို မျက်ဝါးထင်ထင်တွေ့မြင်နေရတဲ့အတွက် အမိတပ်မတော်အပေါ်၊ အမိတပ်မတော်ရဲ့စွမ်းရည်တွေအပေါ် ယုံကြည်ကိုးစားမှုနဲ့အတူ စိတ်ဓာတ်အင်အားသာမက တပ်မတော်သားတယောက်ဖြစ်နေရတဲ့ ကိုယ့်ကိုယ်ကိုလဲ ဂုဏ်ယူတန်ဖိုးထားတတ်တဲ့ စိတ်ဓာတ်တွေပါ ရရှိလာမှာဖြစ်ပါတယ်။ ပြည်သူတွေအဖို့ရော... ထို့အတူပါပဲ။ ရိုးရိုးပြည်သူတွေမှ မဟုတ်ပါဘူး...၊ "အလကားပါကွာ... လစာယူပြီး ဘာမှ ဟုတ်တဲ့ကောင်တွေ မဟုတ်ဘူး"လို့ အပြစ်ပြောနေကြတဲ့ ပါးစပ်ပေါက်ပိုင်ရှင်တွေတောင် ပါးစပ်တွေ ပိတ်ကုန်ကြမှာ အသေအချာပါပဲ။ ဒီတော့ ကျွန်တော် တခုပြောချင်တာက ပုံမှန် ဦးရေးထောက်လုပ်ငန်းတွေနဲ့ အိပ်မောကျနေတဲ့ တပ်မတော်ကြီးကို လှုပ်နှိုးဖို့ အချိန်ရောက်ပါပြီ၊ အချိန်တန်ပါပြီ"လို့...။ တပ်မတော်ဆိုတာ အဓိက,က နိုင်ငံတော်ကို ကာကွယ်ဖို့ပါ၊ နိုင်ငံတော်ကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့တိုက်စွမ်းရည် အပြည့်ရှိနေရပါမယ်... ဒါကို ဖြည့်ဆည်းဖို့လဲ တပ်မတော်သားတိုင်းမှာ တာဝန်ရှိနေပါတယ်။ ပြည်တွင်းသောင်းကျန်းသူအဆင့်လောက်နဲ့ မျက်စိပိတ်၊ နားပိတ်နေတဲ့ စစ်သည်တိုင်းကို နိုင်ငံတကာအဆင့်ထိ မျက်စိဖွင့်၊ နားဖွင့်ပေးဖို့ လိုအပ်နေပါပြီ၊ သူတို့ရဲ့ စွမ်းရည်တွေကို လေ့ကျင့်မှုနဲ့တွေအတူ အသားကျအောင် မြှင့်တင်ပေးဖို့လိုအပ်နေပါပြီလို့ ကျွန်တော် ပြောလိုက်ချင်ပါတယ်။















